လိပ်သို ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ မိုးရေလုံလောက်စွာရရှိသော တောင်ပေါ်ဒေသ လယ်ယာမြေများတွင် တောင်သူများ မိုးစပါးကို စုပေါင်းစိုက်ပျိုးလျက်ရှိနေပြီဖြစ်သည်။
လယ်ယာမြေအချို့မှာ စိုက်ပျိုးပြီးစီးနေပြီး အချို့တောင်သူများ၏ လယ်ယာမြေများမှာ စိုက်ပျိုးနေဆဲဖြစ်ကာ စိုက်ပျိုးရန် ကျန်ရှိနေသော လယ်ယာမြေအနည်းငယ်သာ ရှိတော့ကြောင်း သိရသည်။ တောင်သူအများစုမှာ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို ပိုင်ဆိုင်သုံးစွဲနိုင်ခြင်း မရှိသေးခြင်း၊ ငှားရမ်းသုံးစွဲနေရ၍ အချိန်ကြန့်ကြာခြင်း၊ တောင်ပေါ်ဒေသ လယ်ယာမြေ ဖြစ်သောကြောင့် မြေပြန့်လယ်ယာမြေများကဲ့သို့ မြန်မြန်ဆန်ဆန် ထွန်ယက်လုပ်ကိုင်နိုင်မှု မရှိခြင်းတို့ကြောင့် အချိန်စော၍ မိုးရေလုံလောက်စွာရရှိသော်လည်း စိုက်ပျိုးမှု နှောင့်နှေးနေကြရခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)