လိပ်သိုဒေသထွက် တံမြက်စည်းပင်များ ချိုးယူရောင်းချ၍ အပိုဝင်ငွေရရှိ

လိပ်သို၊ ၁၁ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်၍ စီးပွားရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ သီးနှံများစွာစိုက်ပျိုးပြီး ယခုအခါ အိမ်သုံးတံမြက်စည်းများကိုလည်း ချိုးယူရောင်းချလျက်ရှိကြောင်း သိရသည်။

 

လိပ်သိုဒေသရှိ တံမြက်စည်းပင်များမှာ သီးသန့်စိုက်ပျိုးရန် မလိုအပ်ဘဲ လမ်းဘေးဝဲယာနှင့် ဥယျာဉ်ခြံမြေကွက်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိရာ ဒေသခံများအနေဖြင့် ငွေအရင်းအနှီး စိုက်ထုတ်ရန်မလိုဘဲ ကိုဗစ်-၁၉ ကာလအတွင်း အပိုဝင်ငွေ ရရှိကြသည်။

 

တံမြက်စည်းရောင်းဝယ်သူများမှာ ယခင်က အချောင်းလိုက် ရာစီး ထောင်စီး ဝယ်ယူခဲ့ကြသော်လည်း ယခုအခါ တံမြက်စည်းကို ပိဿာချိန်ဖြင့် ဝယ်ယူလျက်ရှိရာ တစ်ပိဿာကို ငွေကျပ် ၂၅ဝ မှ ၃၅ဝ အထိ ဝယ်ယူလျက်ရှိပြီး တောင်ငူမြို့ တံမြက်စည်းအဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချလျက်ရှိသည်။

 

ဒေသခံတောင်သူများက အိမ်သုံးတံမြက်စည်းကို မိမိတို့ကိုယ်တိုင်ကျစ်ပြီး တံမြက်စည်း အချောတစ်လက်ကို ငွေကျပ် ၁ဝဝဝ ဖြင့် လက်လီရောင်းချလျက်ရှိကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)