လိပ်သို   ၂၀  အောက်တိုဘာ 

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအချို့တွင် ကွမ်းသီးများ ရင့်မှည့်လာပြီဖြစ်၍  ကွမ်းသီးစိုက်ပျိုးသူ တောင်သူများ  ဆွတ်ခူး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

လိပ်သို ဒေသတွင် စိုက်ပျိုးလျက်ရှိသော  ကွမ်းပင်များသည်  ရာသီဥတု ကောင်းမွန်စဉ် တွင် ကွမ်းသီးများကို သုံးပြန်မှ လေးပြန်အထိ  ခူးယူရသော်လည်း  ယခုနှစ်တွင် ရာသီဥတု ပူပြင်းမှု ကြောင့် ကွမ်းသီးများကို  နှစ်ပြန်မှ သုံးပြန်အထိသာ  ခူးယူရရှိတော့ကြောင်း သိရပါသည်။

 

ဒေသထွက်ကွမ်းသီးများသည် ပုံမှန်အားဖြင့် တောင်ငူပွဲရုံများသို့  ပို့ဆောင်ရောင်းချ လျက်ရှိသော်လည်း  လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဝယ်လက်များ ပုံမှန်မရှိခြင်း လက်လီ ရောင်းဝယ်မှုများ နည်းပါးလာခြင်းတို့ကြောင့် ယခုနှစ်တွင်  ကွမ်းသီး အစိုခွဲသား တစ်ပိဿာ လျှင် ငွေကျပ် ၂၀ဝ၀၊ ကွမ်းသီးအခြောက် အဖြူ (ပြောင်) တစ်ပိဿာ လျှင် ငွေကျပ် ၆၀ဝ၀ နှင့် အနီ (ရွေး) တစ်ပိဿာလျှင် ငွေကျပ် ၆၀ဝ၀ ကျပ်သာ ရရှိကြောင်း ကွမ်းသီးစိုက်ပျိုးသူ ဒေသခံတောင်သူ ဒေါ်တင်ပု ထံမှ  သိရသည်။

 

လိပ်သိုဒေသတွင် အဓိက စိုက်ပျိုးသီးနှံအဖြစ်  ဖာလာသီးကို  အသက်မွေးဝမ်းကျောင်း အဖြစ်  စိုက်ပျိုး လျက်ရှိပြီး  ဇလဲ၊ ကော်ပတ်ခြံ၊ မြတ်သာကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင်  ကွမ်းသီးများကို တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ပြီး အခြားကျေးရွာများတွင်လည်း  တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း သိရပါသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)