လိပ်သို၊ ၂၁ ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ဇလဲကျေးရွာအုပ်စု၊ ကော်ပတ်ခြံကျေးရွာတွင် လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲကို ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီက ပြုလုပ်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဘုန်းတော်ကြီး (Fr) စောသိမ်းမောင်က ဆုတောင်းကောင်းချီးပေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေ၀င်းမြင့်၊ လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊  မြို့လျှပ်စစ်မှူး ဦးချစ်ကိုကို၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် ဗိုလ်မှူးအောင်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေဝင်းမြင့်က အမှာစကားပြောကြားပြီး လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကျေးရွာအတွင်း (၂၄)နာရီ လျှပ်စစ်မီးရရှိသည့်အတွက် ၀မ်းသာပီတိစကား ပြောကြားသည်။ ထို့နောက် မြို့လျှပ်စစ်မှူး ဦးချစ်ကိုကိုက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြောကြားကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်က ကျေးရွာလူထု ထည့်၀င်ငွေနှင့် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ကျေးရွာလျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရ၏ ပံ့ပိုးမှု၊ ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၏ ကြီးကြပ်မှု၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာထည့်ငွေနှင့် မြစိမ်းရောင်ရန်ပုံငွေ အတိုးရရှိငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်မှ 100 KVA ထရန်စဖော်မာ တည်ဆောက်ပေးခြင်း၊ 400 V ဓာတ်အားလိုင်း သုည ဒသမ ၉၆ မိုင် သွယ်တန်းပေးခြင်း၊ မြစိမ်းရောင်ရန်ပုံငွေဖြင့် ကျေးရွာတွင်း ဓာတ်မီးတိုင် (၂၈)တိုင် စိုက်ထူခြင်း၊ လိုင်းဆွဲကြိုး ပေ (၅၁၀၀)သွယ်တန်းပေးခြင်း၊ မီတာနှင့် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိ အိမ်ခြေ (၁၂၀)ကျော် အကျိုးပြုနိုင်မည်ဖြစ်သည်။ ယခုအခါ လိပ်သိုမြို့ ကော်ပတ်ခြံကျေးရွာမှာ (၅)ရွာမြောက် လျှပ်စစ်မီးရရှိ၍ ဖွင့်ပွဲပြုလုပ်နိုင်ခဲ့သော ကျေးရွာဖြစ်ကြောင်း လိပ်သိုမြို့ လျှပ်စစ်မှူး ဦးချစ်ကိုကိုထံမှ သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)