လိပ်သို ၁၇ နိုဝင်ဘာ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ တပ်တောင်ကျေးရွာတွင် ရေရှိ နိုင်ရေးအတွက် (CDN) နယ်သာလန် အခြေစိုက် နိုင်ငံတကာခရစ်ယာန်လူမှုရေးအသင်း၏ ပူးပေါင်းမှု၊ (KMSS) ဂရုဏာတောင်ငူ လူမှုရေးအသင်း၏ ပူးပေါင်းမှုဖြင့် (KKBA) တောင်ငူ ဂေခိုဂယ်ဘား နှစ်ခြင်းခရစ်ယာန် သာသနာနယ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ အရှိန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ တပ်တောင်ကျေးရွာ ရေရရှိရေးအတွက် ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလမှ စ၍ (၃) နှစ် စီမံကိန်းချမှတ်ခဲ့ပြီး လာမည့်ဒီဇင်ဘာလအတွင်း ကျေးရွာတွင် ရေရရှိနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပါသည်။
(KKBA) တောင်ငူ ဂေခိုဂယ်ဘား နှစ်ခြင်းခရစ်ယာန် သာသနာနယ် ခရစ်ယာန်လူမှု ဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနသည် (KMSS) ဂရုဏာတောင်ငူ လူမှုရေးအသင်းနှင့် (CDN) နယ်သာလန်အခြေစိုက် နိုင်ငံတကာ ခရစ်ယာန်လူမှုရေးအသင်းတို့၏ ပူးပေါင်းမှုနှင့်အတူ စီမံကိန်းတွင် ပါဝင်သော ကိုးဒစ်ရွာတန်းရှည်၊ အမယာ၊ တပ်တောင်၊ ရွှေဘိုးကျေးရွာနှင့် သစ်ခေါင်းကျေးရွာတို့တွင် ငွေစုငွေချေး လုပ်ငန်း၊ ဝက်မွေးမြူရေးလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲခြင်းလုပ်ငန်းများနှင့် ရေရရှိရေးလုပ်ငန်း စသည်တို့ကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
စီမံကိန်းတွင် ပါဝင်သော ကျေးရွာ (၅) ရွာမှ ကိုးဒစ်ရွာတန်းရှည်နှင့် အမယာကျေးရွာ တို့အား ကျန်းမာရေးဆိုင်ရာ အမူအကျင့် ပြောင်းလဲခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်း တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိစေရေးအတွက် ကျေးရွာအတွင်းရှိ အိမ်ထောင်စု များအား အိမ်သာဆောက်ရာတွင် လိုအပ်သည့် ပစ္စည်းများ၊ ကျေးရွာသန့်ရှင်းရေးအတွက် လိုအပ်သည့် အမှိုက်ပုံးများကိုလည်း ပံ့ပိုးကူညီခဲ့ပြီး လက်ရှိတွင် တပ်တောင်ကျေးရွာ ရေရရှိ ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း (KKBA) တောင်ငူ ဂေခိုဂယ်ဘား နှစ်ခြင်းခရစ်ယာန် သာသနာနယ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန၏ ဒါရိုက်တာ ဆရာဒေးဗစ်ထံမှ သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


