လိပ်သို ၂၈ ဇန်နဝါရီ
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နှင့် ပြည်နယ်ပညာရေးမိသားစုတို့ ပူးပေါင်းဖွင့်လှစ်သည့် မြို့နယ်အဆင့် ကင်းထောက်အခြေခံသင်တန်း (၁/၂၀၂၀) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကင်းထောက်မောင်မယ်များက ကင်းထောက်ဂုဏ်ရည်သီချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ကင်းထောက် သင်တန်းသား သင်တန်းသူများက ကတိခံယူပြီး သင်တန်းဆင်း လက်မှတ်များကို ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်က ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် သင်တန်းမှ သင်ကြားပေးသော ဉာဏစစ်ဆေးခြင်း၊ တောစခန်း ခြေလျင်ခရီး ထွက်ရာတွင် စူးစမ်းလေ့လာ စုပေါင်းအဖြေရှာဖန်တီးခြင်း၊ ဆန်းသစ်ထီထွင်မှုများတွင် ထူးချွန်သည့် အဖွဲ့များအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်က သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားပြီး သင်တန်းကာလ (၄)ရက်တာအတွင်း ဆောင်ရွက်ခဲ့သော မှတ်တမ်းပုံရိပ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကာ ကင်းထောက်မောင်မယ်များက ငြိမ်းချမ်းရေးသံတမန်များ သီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရီရီလွင် (ပြန်/ဆက်)