မကွေး ၁၀ သြဂုတ်
မကွေးတိုင်း၌ မီးဘေး၊ရေဘေး၊လေဘေး စသည့် သဘာဝဘေးများဖြစ်လျင် အမြန်ဆုံးကူညီနိုင်ရန် မီးသတ် စခန်းများတိုးချဲ့တည်ဆောက်လျက်ရှိပြီး တိုင်းအတွင်းလိုအပ်နေသည့် မီးသတ်စခန်း အရေအတွက်၏ ၇၀ ရာခိုင်နှုန်းကို တည် ဆောက်ထားပြီးဖြစ်ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာန က သိရသည်။
“ တိုင်းထဲမှာ မီးသတ်စခန်းတွေ ၃၀ ရာခိုင်နှုန်းလောက်ပဲ ဆောက်ဖို့ကျန်ပါတော့တယ်။ ၇၀ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ။ ကျန်တဲ့နယ်မြေမီးသတ်စခန်းတွေကိုလည်း လာမယ့်ဘဏ္ဍာရေးနှစ် တွေမှာ နိုင်ငံတော်အစိုးရကို ဘတ်ဂျက်တင်ပြ တောင်းခံပြီးတော့ ဆောင်ရွက်သွားပါမယ် ” ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာန ၊ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။
မကွေးတိုင်း၌ ခရိုင်မီးသတ်စခန်း(၅)စခန်း ၊ မြို့နယ်မီးသတ်စခန်း(၂၅)စခန်း ၊ ကျေးရွာတိုက်နယ် အချက် အချာကျသည့် နေရာများ၌ နယ်မြေမီးသတ်စခန်း (၆၉)စခန်း တို့ကို တည်ဆောက်ထားလျက်ရှိသည်။
“ အရင်တုန်းကတော့ မြို့နယ်တိုင်းမှာ မီးသတ်မရှိဘူး။ မီးသတ်ကားလည်း မရှိဘူး ။ ခုကျတော့ မြို့နယ်တိုင်းမှာ မီးသတ်ကားတွေရှိတဲ့အပြင် အချက်အချာကျတဲ့ ကျေးရွာတွေမှာလည်း မီးသတ်ကားတွေ ရှိလာတဲ့အခါကျတော့ တစ်နေရာနဲ့ တစ်နေရာ အပြန်အလှန် အထောက်အကူပြု လာနိုင်ပါပြီ ” ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန် က ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းက ငွေကျပ် ၄၂၁ ဒသမ ၂၀ဝ သန်းအသုံးပြု၍ မြို့နယ်မီးသတ်စခန်းတစ်ခု ၊ ငွေကျပ် ၄၃၂ ဒသမ ၁၂၅သန်းဖြင့် နယ်မြေမီးသတ်စခန်း(၈)ခုကို တည်ဆောက်နိုင်ခဲ့ပြီး တိုးချဲ့ဖွဲ့စည်းထားသည့် စခန်းများတွင် မီးသတ်ယာဉ်များ ဖြန့်ခွဲချ ပေးထားကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။
ဇေယျတု(မကွေး)