လှည်းကူး ၁၆ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဆားတလင်းလမ်းဆုံ မိုင်တိုင်အမှတ်(၂၄/၅)နှင့် (၂၄/၆) တွင် ဇွန် ၁၅ ရက် ညပိုင်းက လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျကာ ကုက္ကိုပင်အား တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ ၂ ဦးစလုံး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒါးပိန်နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဒုရဲအုပ်ခိုင်မျိုးလွင်သည် ဒါးပိန်နယ်မြေရဲစခန်းတွင် တာဝန်မှူးတာဝန်ဆောင်ရွက်နေစဉ် ဆားတလင်းလမ်းဆုံ၌ ဇွန်(၁၄)ရက် ည(၁၂)နာရီ(၄၅)မိနစ်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်ထိန်းရဲဒုတပ်ကြပ်ထွန်းအေး သည်သက်သေတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဒါးပိန်ကျေးရွာဘက်မှ ဆားတလင်းကျေးရွာဘက်(အရှေ့မှအနောက်)သို့ ယာဉ်မောင်း ဦးညီညီမင်း(၃၈)နှစ် တလုပ်ကုန်းကျေးရွာ လှည်းကူးမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်၏ ဦးခေါင်းဝဲဘက်ခြမ်းတွင် လိုက်ပါစီးလာသူ ဦးသန်းနိုင်(၃၂)နှစ် အင်းတိုင်ကျေးရွာ လှည်းကူးမြို့နယ်နေသူတို့ ထိုင်စီးလိုက်ပါသည့် 4B/-----လိုက်ထရပ်အဖြူ ရောင်ယာဉ်သည် ဆားတလင်းလမ်းဆုံ မိုင်တိုင်အမှတ်(၂၄/၅)နှင့်(၂၄/၆)အရောက်တွင် လမ်း၏ဝဲဘက်ခြမ်းသို့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားပြီး ကုက္ကိုလ်ပင်အားတိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဦးညီညီမင်းနှင့် ယာဉ်၏ဦးခေါင်းခန်းဝဲဘက်ခြမ်းတွင် စီးနင်းလိုက်ပါလာသူ ဦးသန်းနိုင်တို့သည် အခင်းဖြစ်နေရာတွင် နှစ်ဦးစလုံး သေဆုံးသွားပြီး ဦးညီညီမင်းအား လှည်းကူးမြို့နယ် ဒါးပိန်နယ် မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)