နေပြည်တော် ၁၉  သြဂုတ် 


တပ်မတော်နှင့် ထီလုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၇ ရက် ည ၁၁နာရီတွင် လှိုင်းဘွဲ့မြို့နယ်၊ ဒညှင်းကုန်းကျေးရွာအနီး၊ ထီလုံတာဘောင်လမ်းတွင် အခီး(ခ)အကျော် မောင်းနှင်ပြီး မငွေကြည် လိုက်ပါလာသည့် Airwave အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,ဝ၀ဝ ၊ မြန်မာငွေကျပ် ၈၄၅,၆၀ဝ၊ ယာဉ်ရှေ့ခန်း အတွင်းမှ ကာဘိုင် တစ်လက်၊ ၎င်းကျည် ၂၅ တောင့်၊ ၎င်းကျည်အိမ် ၃ ခု၊ လက်လုပ်ဂက်စ် သေနတ်တစ်လက်၊ သစ်သားသေနတ်ဒင်တစ်ခု၊ လက်ပစ်ဗုံး ၃ လုံး၊ ၉ မမကျည် ၁၀ တောင့်၊ ခါးပတ်ကြီးတစ်ခု၊ ကျည်ဘောက်အိတ် ၄ ခုနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
    

အလားတူ သြဂုတ် ၁၈ ရက် ည ၉နာရီက တပ်မတော်နှင့် မိုးမိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာလမ်းဆုံတွင် တင်အောင်လင်းနှင့် မောင်စိန်တို့ မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ် ၂ စီးကိုရပ်တန့်ရှာဖွေရာ တင်အောင်လင်း၏ မော်တော်ဆိုင်ကယ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၉,၆၀ဝ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာအနီး ရွှေညောင်ရပ်စောက် ကားလမ်းတွင် အောင်နိုင်ဝင်း မောင်းနှင်ပြီး ချိုချိုမာ(ခ)ချိုမာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝနှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုသိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။


MDN