လှိုင်းဘွဲ ၃ အောက်တိုဘာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် လှိုင်းဘွဲမြို့ အဝင်အထွက်တွင်  စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ထို့သို့ အသိပညာလုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင် ဦးဆောင်၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မြို့တွင်းသို့ ခရီးဝေး ဝင်ရောက်လာသူများ အနေဖြင့် ခရီးသွားစစ်ဆေးမှတ်တမ်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)