လှိုင်းဘွဲ ၂၃ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇော်ဦးနှင့် ကျန်းရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူ သော သက်ကြီးဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါက်တာဝင်းဇော်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသော သက်ကြီးဘိုးဘွားများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ကိုယ်ခံအား ကောင်းမွန် သော အစားအစားများ စားသုံးကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးဂရုပြု အလေးထားကြရန်၊ ကိုရိုနာဗိုင်းရပ်စ် (COVID-19)ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လူစည်ကားရာ နေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန်များ၊ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်း နည်းစနစ်များကို အသိပညာပေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


