လှိုင်းဘွဲ ဇူလိုင် ၂၀

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၈၄၉ ဒသမ ၄၅ သန်းဖြင့် လှိုင်းဘွဲမြို့မဈေးသစ် ဖွင့်ပွဲကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့၊ (ဃ)ရပ်ကွက်၊ ကုန်သည်လမ်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။

 

ဈေးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ပြည်သူများအနေဖြင့် ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်ထိမ်းသိမ်း စောင့်ရှောက်ရန်”စသည်ဖြင့် အမှာစကား ပြောကြားပြီး ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က လှိုင်းဘွဲမြို့မဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က လှိုင်းဘွဲမြို့မဈေးသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘင်ခရာအဖွဲ့နှင့် ဒုံးယိမ်းအကအဖွဲ့များအား ဆုငွေများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်များက လှိုင်းဘွဲမြို့မဈေးသစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။

 

စောဒိ(ပြန်/ဆက်)