လှိုင်းဘွဲ   ဒီဇင်ဘာ   ၁၈

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ (က)ရပ်ကွကရှိ လှိုင်းဘွဲ-ရွှေဂွန်း ကားလမ်းဘေး၌ မြန်မာ့လက်မှု ပန်း ၁၀ မျိုးတွင် ပါဝင်သည့် ပန်းတော့၊ ပန်းပုအတတ်ပညာဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအနေဖြင့် ပုံမှန် အရောင်းအဝယ်သာရှိကြောင်း၊ လုပ်ငန်းလာအပ်ကြသူအများစုက ၎င်းတို့၏အိမ်ကို အလှဆင်သည့် ပွတ်လုံး ပုံစံအင်္ဂတေတိုင်များကို မှာယူမှုရှိကြောင်း ပန်းတော့နှင့်ပန်းပုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့် ဦးမင်းလတ်က ပြောပြသည်။

 

ဂူ၊ ဘုရားများ အဝင်ပေါက်အပေါ်ရှိ မုခ်တကဲတွင် အင်္ဂတေပညာဖြင့် ပန်းခတ်၊ ပန်းလက် ရုပ်ကြွ၊ ရုပ်လုံး အမျိုးမျိုးသော ပုံသဏ္ဍန် သက်ရှိသက်မဲ့ အရုပ်များ ပြုလုပ်ပူဇော်ထားခြင်းကို ပန်းတော့ပညာ ဟုခေါ်ဆို ကြောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ခေတ်ကပင် ပန်းတော့လက်ရာ ပညာများကို တွေ့ရှိရကြောင်း၊ ပန်း ၁၀ မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များ ဖြစ်သည့် ပန်းပဲ၊ ပန်းထိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရန်၊ ပန်းတဉ်းပညာကို ပြောဆိုပါကြောင်း၊ ဘုရားမတင် နတ်မဝင် လူတွင် ဆယ်ပွင့်ပန်း (သို့မဟုတ်) ဘုရားမတင် နတ်မဝင် လူတွင် ပန်းဆယ်မျိုးဟု ခေါ်ခဲ့ကြကြောင်း၊ ရာဇောဝါဒ ကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်၊ ချီ၊ ယွန်း ဟု ရှေးပညာရှင် လူကြီးများက ဖွဲ့ဆိုထားကြောင်း၊ မိမိတို့လုပ်ကိုင်နေကြသည့် ပန်းတော့နှင့် ပန်းပု ပညာရပ်များ အနေဖြင့် ဂူဘုရားများ၊ အုတ်ကျောင်းတော်များနှင့် ဘုန်းတော်ကြီး ကျောင်းများ၊ သိမ်တော်များအတွက် ရည်စူးပြီး လုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း၊ မြို့ပေါ်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းပြီး

စီးပွားရေးလုပ်ငန်းများ ကောင်းမွန်တိုးတက်လျှင် ဘုရား၊ ကျောင်းကန်များသို့ လှူဒါန်းရန် အတွက် လာရောက်၍ ပန်းတော့နှင့် ပန်းပုပစ္စည်းများ ဝယ်ယူမှုရှိကြောင်း ပန်းတော့နှင့် ပန်းပုထုဆစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသူ လုပ်ငန်းပိုင်ရှင်က ပြောပြသည်။

 

ပန်း ၁၀ မျိုးသည် မြန်မာ့ယဉ်ကျေးမှု အနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များ ဖြစ်ကြောင်း၊ ပန်း ၁၀ မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကိုဆောင်လျက်ရှိကြောင်း၊ လူငယ် လူလတ်များအနေဖြင့် မိမိတို့ဘဝနှင့် မိသားစုဝင်​ငွေများ တိုးတက်ရေး၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သည့် မြန်မာ့ပန်း ၁၀မျိုး အတတ်ပညာ ရှင်များ များစွာရှိဖို့ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအတွက်  ပန်း ၁၀ မျိုး အတတ်ပညာများကို လူငယ် လူရွယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူ သင့်ကြောင်း သစ်၊ ဝါး၊ ကောက်ရိုးနှင့် အင်္ဂတေများကို အသုံးပြု၍ ရုပ်လုံး၊ ရုပ်ကြွများကို ပြုလုပ်ဖန်တီးနေသည့် ပန်းရန်နှင့် ပန်းပုဆရာ ကိုမျိုးက အကြံပြုပြောဆိုသည်။

လင်းသန့်(ပြန်/ဆက်)