လှိုင်းဘွဲ စက်တင်ဘာ ၁၄

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးစောကြာအင်းက အဖွင့်အမှာစကားပြောကြားပြီး ဒိုင်းပြကျောင်း ဆရာတော် အရှင်ဇာနေယျက ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဩဝါဒမြွက်ကြားသည်။ ထို့နောက် ဒိုင်းပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရန်ငွေက ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသား လူငယ်မောင်မယ်များက ချည်ဖြူဖွဲ့မင်္ဂလာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ပစ္စည်း(၇)မျိုးတို့၏ အဓိပ္ပာယ် ဖော်ဆောင်ချက်များကို ပိုးကရင်ဘာသာနှင့် မြန်မာဘာသာ တို့ဖြင့် ဖတ်ကြားခဲ့ကြခြင်း၊ ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် ပါဝင်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းထုပ်၊ နတ်ပန်းညို၊ ရေ၊ ကြံ တို့နှင့်အတူ ကရင်အဖိုးအဖွားများက ဆုတောင်းမေတ္တာပို့သခြင်း၊ ဝိညာဥ်လိပ်ပြာခေါ်ပေးခြင်း၊ လက်ချည်ပေးခြင်း၊ ကရင်လူငယ် မောင်မယ်များနှင့် ကရင်အဆိုတော်များက အကများ၊ တေးဂီတများဖြင့် ဖျော်ဖြေပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)