လှိုင်းဘွဲ  ၁၀   သြဂုတ် 


ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာ အုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၃၁ ရွာ၌၊ လူထုဗဟိုပြုအခြေခံအဆောက်အအုံ ၁၃၁ ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်မှ ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေ ကျပ်၂၁၂၂ ဒသမ ၃ သန်းဖြင့် ကျေးရွာ ၁၃၁ ရွာ၌ ကွန်ကရစ်လမ်း ၄၀ခု၊ ကျောက်ရောမြေသားလမ်း ၃၀ခု၊ မီးလင်းရေးလုပ်ငန်း ၁၄ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ၃၉ ခု၊ ရေပေးရေးလုပ်ငန်း ၃ခု၊ ဆေးပေးခန်းဆောက်လုပ်ခြင်း လုပ်ငန်း၂ ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၃ခု တို့အား ၂၀၁၉ခုနှစ် နိုဝင်ဘာလမှစတင်၍ လူထုဗဟိုပြုစီမံကိန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်၍ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၂ အုပ်စုမှ ကျေးရွာ ၁၃၁ ရွာအတွင်းဆောင်ရွက်မည့် လုပ်ငန်းပေါင်း ၁၃၁ ခုအတွက် သိရှိလိုသည်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။


ငြိမ်းသူ(စလင်း)