လှိုင်းဘွဲ၊ ၂၉ ဒီဇင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနက ကြံစိုက်တောင်သူများ ကြံများ စိုက်ပျိုးရာတွင် ပိုမိုအောင်မြင်ဖြစ်ထွန်းပြီး ဝင်ငွေတိုးပွားစေရန်နှင့် ကြံသကာအထွက်နှုန်း ကောင်းမွန်စေရန် ရည်ရွယ်၍ ကြံအမျိုးအစား လေးမျိုး စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၂၈ ရက်က လခတ်ကျေးရွာ တောင်သူ ဦးချစ်ဦး၏ စိုက်ခင်းတွင် ဆောင်ရွက်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးအောင်မြင်သော DAR 4၊ နေပြည်တော်(၁)၊ K 95/283၊ LK 92/11 ကြံအမျိုးအစား လေးမျိုးကို စမ်းသပ်စိုက်ပျိုးခဲ့သည်။ စမ်းသပ်ကွက်/စံပြကွက်များ ဆောင်ရွက်ရာတွင် စတင်စိုက်ပျိုးရာမှ ရိတ်သိမ်းပြီးသည်အထိ အချက်အလက်များ မှတ်တမ်းကောက်ယူပြီး အားနည်းချက်၊ အားသာချက်များအား တောင်သူများသို့ ပြန်လည်ဖြန့်ဝေပေးရန်၊ စမ်းသပ်ကွက်များအား စနစ်တကျ ပီပီပြင်ပြင် လုပ်ဆောင်ရန်နှင့် ပျိုးပင်၊ မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အရောင်းဆိုင်များအား လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ရန်နှင့် ကြံစိုက်တောင်သူများ၏ အကျိုးစီးပွားအတွက် စိုက်ပျိုးရေး ဦးစီးဌာနက လိုအပ်သော စိုက်ပျိုးနည်းစနစ်များကို ကူညီဆောင်ရွက်ပေးရန် ပြည်နယ်ဦးစီးမှူးက မှာကြားခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်၊ ဘားအံခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)


