ဘားအံ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာ ပြည်သူများအတွက် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC)မှ ဆန်အိတ်(၁၀၀) ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ် ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက ယခုပေးအပ်လှူဒါန်းသည့် ဆန်အိတ်များကို သက်ဆိုင်ရာနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် ပေးပို့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုများရှိနေသည့်အတွက် အဆိုပါဒေသသို့ သွားရောက်ရန် အဟန့်အတား ရှိနေသေးကြောင်း၊ GMSAEDC အနေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုက်ပါဆောင်ရွက်ခြင်းများရှိခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် EAO ဒေသများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စိတ်ပါဝင်စားလုပ်ကိုင်ကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်နိုင်သည့်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်လာစေရန် ဘတ်ဂျက်များလျာထားပေးပြီး လိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ဆန်အိတ်(၁၀၀)ကို လာရောက်လှူဒါန်းပေးသည့်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC)မှ စီမံကိန်းညှိနှိုင်းရေးမှူး နော်ဂျိုအဲ(ငန်း)က ဆန်အိတ်များ ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ယင်းနောက် GMSAEDC စီမံကိန်းညှိနှိုင်းရေးမှူး နော်ဂျိုအဲ(ငန်း)က မိမိတို့နိုင်ငံတွင် ဆန်ကို အဓိကအစားအစာ အနေဖြင့် စားသုံးကြသည့်အတွက် နေရပ်စွန့်ခွာပြည်သူများသည်လည်း ဆန်လိုအပ်မည်ဟုထင်မြင်ယူဆမိ၍ ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ဆန်အိတ်များလှူဒါန်းခြင်းအားဖြင့် နေရပ်စွန့်ခွာပြည်သူများအတွက် ပြည့်ပြည့်ဝဝလုံလောက်မည်ဟု မယူဆသော်လည်း အထောက်အကူပြုနိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း ဆန်အိတ်များလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူးနှင့် ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ တွဲဘက်အတွင်းရေးမှူး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဦးကျော်စိုးက ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပိုးတွေ့အတည်ပြုလူနာများအား ကျန်းမာရေးအသိဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် အထောက်အပံ့ဖြစ်စေနိုင်သော မည်သည့်အရာမဆို အကူအညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပြောကြားပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၅)ဦးဇော်ဝင်းက Community Covid-19 Postive Center များနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တို့တွင် အထူးကြပ်မတ်ကုသမှုခံယူနေသူများအား ကျန်းမာရေးဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရေးကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာစောစိုးမင်းတို့က ကိုဗစ်-၁၉ အတည်ပြုလူနာများအား Isolation Unit ထပ်မံတိုးချဲ့ထားရှိပေးသွားနိုင်ရေး၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လူသားအရင်းအမြစ်နှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသော ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးနိုင်သည်များအား ဆွေးနွေးအကြံပြုခဲ့ကြကာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတွဲဘက်အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


