လှိုင်းဘွဲ ၁၂ ​ဇန်နဝါရီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UN Womanအဖွဲ့နှင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ နေရပ်စွန့်ခွာစခန်းမှ အမျိုးသမီးများအတွက် အခြေခံစက်ချုပ် သင်တန်း ဆင်းပွဲကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက အေးလင်းသာယာကွင်းအတွင်းရှိ စာသင်ကျောင်းဆောင်၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်အေးမြင့်တို့က အမှာစကားပြောကြားသည်။ ထို့နောက် UN Woman အဖွဲ့မှ တာဝန်ခံ ဒေါ်စန္ဒာဝင်းက ကျေးဇူးတင်စကားပြောကြားပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်မာမာချိုက သင်တန်းဖွင့်လှစ်သင်ကြားမှုအခြေအနေနှင့် ရှေ့ဆက်ဆောက်ရွက်ပေးမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံစက်ချုပ်သင်တန်းမှ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူ(၃)ဦးအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများက သင်တန်းသူများ ချုပ်ထားသော အဝတ်အထည်များကို လှည့်လည်ကြည့်ရှု ခဲ့သည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို နေရပ်စွန့်ခွာပြည်သူများစခန်းမှ အမျိုးသမီး(၂၀)ဦးဖြင့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၁၁)နေ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့အထိ တစ်လတာသင်ကြားပေးသွားပြီး  သင်တန်းသူ(၂၀) အသုံးပြုရန် အပ်ချုပ်စက်တစ်လုံးစီနှင့် ဓါးစက်နှစ်လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)