လှိုင်းဘွဲ၊ ၂၅ ဇန်နဝါရီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထက်ရေပူကျေးရွာအုပ်စု နယ်ခြားကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ကျောက်ဖောက်စက်ရေတွင်း တူးဖော်ခြင်းကို ဇန်နဝါရီ ၄ ရက်က စတင်တူးဖော်ခဲ့ရာ ဇန်နဝါရီ ၁၅ ရက်တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ၂၀၂၀-၂၀၂၁ ဘာဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် စက်ရေတွင်းတစ်တွင်းကို အနက်ပေ(၂၈၀)ပေဖြင့် တူးဖော်ပေးပြီး တစ်နာရီအထွက်နှုန်း ဂါလန် (၃၀၀၀) ခန့် ထွက်ရှိကြောင်း သိရသည်။ ထိုသို့တူးဖော်ခြင်းဖြင့် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုကြုံတွေ့နေရသော ပြည်သူများအနေဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိလာမည်ဖြစ်သည်။

 

“ကျမတို့ နယ်ခြားကျေးရွာမှာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေခန်းခြောက်တယ်။ ရွာသူရွာသားတွေက တစ်မိုင်ခန့်ဝေးသော အဝေးတစ်နေရာသို့ ရေခပ်သွားကြရတယ်။ ကျေးရွာပြည်သူအတွက်တော့ အခက်အခဲဖြစ်သလို စာသင်ကျောင်းမှာရှိတဲ့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူတွေအတွက် ပိုပြီးတော့ ခက်ခဲတော့၊   ကျေးရွာနေပြည်သူများ ရေရှိဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ World Vision Myanmar အဖွဲ့ကလည်း လာရောက်၍ ကူညီပေးပါတယ်။ ယခု ကျောင်းဝင်းထဲမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ စက်ရေတွင်းကို လာတူးပေးတဲ့အတွက် စာသင်ကျောင်းအပြင် ကျေးရွာနေပြည်သူများအတွက်လည်း ရေကိုအလုံအလောက်ရရှိပြီး ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါတယ်” ဟု နယ်ခြားကျေးရွာနေ ဒေါ်မူဂေါ်က ဝမ်းသာပီတိစကား ပြောပြသည်။

 

မြို့နယ်(ပြန်/ဆက်)