လှိုင်းဘွဲ ၂၉ အောက်တိုဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအတွက် ကြိုတင်မဲလက်မှတ် ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ပေါ် (၄)ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြိုတင်မဲလက်မှတ်များ ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက ကြိုတင်မဲ လက်မှတ်ထည့်မည့်ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလက်မှတ် စနစ်တကျ ထည့်သွင်းစေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ မဲဆန္ဒရှင် ပြည်သူများအား ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် ခရီးသွားရန်ရှိသော မဲဆန္ဒရှင်၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင်(နိုင်ငံ့ဝန်ထမ်း)၊ ရဲစခန်း(သို့မဟုတ်)အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ ဆေးရုံအတွင်း လူနာအဖြစ် ဆေးဝါကုသမှုခံနေရသူများ၊ အသက်အရွယ် ကြီးရင့်သူများ၊ အနာကြီး ရောဂါဖြစ်ပွားနေသူများ၊ နေအိမ်တွင် ရောဂါဝေဒနာပြင်းထန်စွာ နေရသူများ၊ မီးဖွားနေသူများ၊ မသန်စွမ်းသူများအနေဖြင့် ရွေးကောက်ပွဲနေ့မတိုင်မီ သတ်မှတ်ထားသည့် ရက်အတွင်း ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


