လှိုင်းဘွဲမြို့နယ် သံလွင်မြစ်ကမ်းအနီးရှိ ကျေးရွာများတွင် မိုးစပါးအပြင် ကြံစိုက်ခင်းများကိုပါ ပူးတွဲစိုက်ပျိုး လုပ်ကိုင်နေလျက်ရှိ

လှိုင်းဘွဲ  နိုဝင်ဘာ  ၁၁

           

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း သံလွင်မြစ်ကမ်းအနီးဝန်းကျင်ရှိ ကော့လုံကျွန်း၊ ကော့ကရက်ကျွန်း၊ ထော်ရွဲ၊ ကမ်းနီ၊ ရွှေဂွန်းစသည့် ကျေးရွာအများစုအနေဖြင့် မိုးစပါးနှင့်အတူ ပူးတွဲ၍ ကြံသကာချက်သည့် ကြံပင်မျိုးများကို ယခင်နှစ်များထက် ပိုမိုစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။

            

တောင်သူများအနေဖြင့် မိုးစပါးကိုဒေသတွင်း စိုက်ပျိုးလုပ်ကိုင်ကြသူများသဖြင့် စပါးစျေး ဝယ်လိုအားမှာ ပုံမှန်အနေအထားတွင်သာရှိကြောင်း၊ ဆောင်းသီးနှံအဖြင့် မြေပဲ၊ ပဲပုပ်၊ နှမ်း၊ ဖရဲ စသည့် သီးနှံများကို စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများလည်းများကြောင်း၊ ကြံစျေးကွက်အနေဖြင့် ကြံသကာချက်ပြီး ပြည်တွင်းစျေးကွက်၌ အဆင်ပြေကြသည့် ကြံစိုက်ခင်းပိုင်ရှင်များလည်း ရှိလာကြောင်း တောင်သူများက ပြောသည်။

            

မိုးစပါးနှင့် ကြံစိုက်ခင်းကို ပူးတွဲစိုက်ပျိုးနေကြသည့် တောင်သူများက မိုးစပါးကို မိသားစုစားသုံးရန်နှင့် အလှူလုပ်ခြင်း၊ ပိုလျှံစပါးများကို ဒေသတွင်းကိုသာ ရောင်းချနိုင်ပါကြောင်း၊ ကြံသီးနှံက ချစိုက်ပြီး (၁)နှစ်အတွင်း ကြံသကာချက်၍ ရပါကြောင်း၊ ကြံစိုက်(၁)ဧကလျှင် ကြံသကာပိဿာ(၁၂၀၀)ဝန်းကျင် ထွက်ရှိကြောင်း၊ ကြံသကာ စျေးကောင်းရသည့် နှစ်များ၌ ၁ ပိဿာလျှင် ငွေကျပ် (၁၅၀၀)ကျော်ခန့် စျေးရရှိကြောင်း၊ ဆောင်းသီးနှံစိုက်ပျိူးမှု အတွက်ကုန်ကျစရိတ်၊ လုပ်သားအင်အား အခက်အခဲရှိမှုကြောင့် ကြံစိုက်ခင်းကိုသာ ပိုမိုစိုက်ပျိုးလုပ်ကိုင်ကြရပါကြောင်း ကြံစိုက်တောင်သူများက ရှင်းပြခဲ့ကြသည်။

 

စောဒိ(ပြန်/ဆက်)