လှိုင်းဘွဲ ၁၁ အောက်တိုဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် နယ်စပ်ဒေသနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတား လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ဒေသအသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း/တံတားများ တည်ဆောက်ခြင်း၊ ရေတွင်း/ရေကန်များ တူးဖော်ပေးခြင်း၊ လျှပ်စစ်မီးအခက်အခဲရှိသည့် ကျေးရွာများတွင် ဆိုလာပါဝါ စနစ် ထောက်ပံ့ပေးခြင်း၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၂၈၇ ဒဿမ ၀၈၁)သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ် သွားကတ္တရာလမ်းမှ ကြာအင်းကျေးရွာ အထိ ကတ္တရာခင်းခြင်းလုပ်ငန်း(၇)ဖာလုံ၊ ကမော့လဲ-ကြာအင်းလမ်း ကတ္တရာထပ်ပိုးလွှာ(၁)မိုင်(၄)ဖာလုံတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
အဆိုပါလုပ်ငန်းပြီးစီးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် ရာသီမရွေး လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ဒေသစီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့်ဘက်စုံဖွံ့ဖြိုး တိုးတက်လာပြီး မြို့ပြနှင့်ကျေးလက် လူမှုဆက်ဆံရေး အားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


