လှိုင်းဘွဲ အောက်တိုဘာ ၇
ကရင်ပြည်နယ် လှိုင်းဘွဲမြိ်ုနယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေး အသိပညာများ သိရှိလာစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများအား သိရှိလာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ကော့လုံကျွန်း ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်စန်းမြင့်က ကလေး အလုပ်သမား လျော့နည်းပပျောက်ရေး၊ ကလေးသူငယ်အခွင့်အရေးများ အကြောင်း၊ အလုပ်ရှင်များ လိုက်နာရမည့်အချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသော ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိ ပညာပေးစာစောင်များ၊ ကလေးသူငယ်ဥပဒေ၊ နည်းဥပဒေများ အကြောင်းအရာများကို ပြထားရာပြည်သူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်


