ဘားအံ မတ် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ တဝန်ဖန်ရကျေးရွာ၊ ကရင်စုကျေးရွာ၊ ကုန်းကလေးကျေးရွာနှင့် ဆင်သေကုန်းကျေးရွာတို့၌ ပြည်ထောင်စု ရန်ပုံငွေကျပ် ၆၇ ဒသမ ၅၀၈ သန်းဖြင့် ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် ဝန်ထမ်းများသည် တာဝန်ယူဆောင်ရွက်သော ခိုင်ခံ့မြေကုမ္ပဏီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာရေကော်မတီဝင်များနှင့်အတူ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လူပ်ငန်းများ ဆောင်ရွင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာယာကုန်းကျေးရွာအုပ်စု တဝန်ဖန်ရကျေးရွာ၊ ပတကျေးရွာအုပ်စု ကရင်စုကျေးရွာ၊ ပတ်ကျောကျေးရွာအုပ်စု ကုန်းကလေးကျေးရွာနှင့် ဆင်သေကုန်းကျေးရွာတို့၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် ၆၇ ဒသမ ၅၀၈ သန်း အသုံးပြု၍ ခိုင်ခံ့မြေကုမ္ပဏီက စက်တင်ဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ ၄ ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် လာမည့်နွေရာသီကာလတွင် အိမ်ခြေ ၅၆၆ အိမ်၊ လူ ၃၇၈၄ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း သိရသည်။
ငယ်လေး