လှိုင်းဘွဲ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးခုတ္တောကျေးရွာ တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ပိုမိုလွယ်ကူစွာ သယ်ယူရောင်းချနိုင်ရန်အတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် လမ်းအရှည် သုံးမိုင်၊ မြေသားနှစ်ပေထု၊ ဂဝံကိုးလက်မထု ခင်းခြင်းလုပ်ငန်းကို တင်ဒါကုမ္ပဏီနှစ်ခုက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ စက်ယန္တရားကြီးများဖြင့် မြေနေရာရှင်းလင်းခြင်း၊ အလွှာလိုက် ရေဖျန်းစက်ကြိတ်ခြင်း ဆောင်ရွက်မှုအခြေအနေများကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ သတ်မှတ်အတိုင်းအတာ ပြည့်မီရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါကဝါးခုတ္တောကျေးရွာမှ အိမ်ခြေ ၅၃၀၊ လူဦးရေ ၃၂၁၀၊ စိုက်ပျိုးမြေဧက ၅၀၀ ကျော်၏ လယ်ယာထွက်ကုန်သီးနှံများ ပိုမိုလွယ်ကူစွာ သယ်ယူရောင်းချနိုင်တော့မည် ဖြစ်သည့်အပြင် သွားလာရေး အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)