လှိုင်းဘွဲ ၁၄ ဧပြီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်(၅)မျိုးကို ဧပြီလ(၁၀)ရက်နေ့မှစတင်၍ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမော့ကချူးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။

 

ထိုသို့ဝေငှရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅) မျိုးဖြစ်သော ဆန် (၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ကို ကမော့ကချူး ကျေးရွာအုပ်စုအတွင်းရှိ  ကမော့ကချူး၊ ဖာပွန်၊ မဲလောင်းလေး၊ ကော့ဝန်း၊ ရေမင်းသာယာ၊ တောင်ခြေ ကျေးရွာများအတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၆၅)စုအား အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးခဲ့ကာ ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှု လျော့နည်းစေရန်အတွက် ပြည်သူများအားလုံး မိမိအိမ်၌ နေထိုင်၍ ပူးပေါင်းပါဝင်ပေးကြရန် ပြောကြားခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများရှိ အိမ်ထောင်စုများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)