လှိုင်းဘွဲ ၁၃ အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဒေသအသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း/တံတားများ တည်ဆောက်ခြင်း၊ ရေတွင်း/ရေကန်များ တူးဖော်ပေးခြင်း၊ လျှပ်စစ်မီးအခက်အခဲရှိသည့် ကျေးရွာများတွင် ဆိုလာပါဝါစနစ် ထောက်ပံ့ပေးခြင်း၊ တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကမော့လဲ-ကြာအင်းလမ်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြေသားလမ်း (၇)မိုင်/(၂)ဖာလုံ၊ ကျောက်လမ်း (၇)မိုင်/ (၂)ဖာလုံ၊ ကွန်ကရစ်တံတား (၄၀)ပေ တစ်စင်း၊ (၂၀)ပေ တစ်စင်း၊ (၁၂)ပေ ခုနစ်စင်းနှင့် ရေပြွှန် (၃၁)ခုတို့ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၁)မိုင်/(၂)ဖာလုံ ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းငွေကျပ် (၁၂၃၃ ဒသမ ၅၆၆)သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

 

အဆိုပါ ကမော့လဲ-ကြာအင်းလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကတ္တရာ ထပ်ပိုးလွှာ (၁)မိုင်/(၄)ဖာလုံနှင့် လှိုင်းဘွဲ-ရှမ်းရွာသစ်သွား ကတ္တရာလမ်းမှ ကြာအင်းရွာအထိ (၇)ဖာလုံ ကတ္တရာခင်းခြင်းအတွက် တန်ဖိုးငွေကျပ် (၂၈၇ ဒသမ ၀၈၁)သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အပြီးသတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ အနေဖြင့် ဒေသစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဘက်စုံဖွံ့ဖြိုး တိုးတက်လာ ပြီး မြို့ပြနှင့် ကျေးလက်လူမှုဆက်ဆံရေးအားကောင်းစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)