လှိုင်းဘွဲ   ၂  ဇွန် 


 
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန မြန်မာနိုင်ငံဆရာဝန် အသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းတွင် ပို့ချသင်ကြားမည့် ဘာသာရပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

 

အဆိုပါသင်တန်းကို သင်တန်းနည်းပြများက စေတနာ့ဝန်ထမ်းများ၏ တာဝန်၊ ပြောဆိုဆက်သွယ်မှု၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးပေးမှု၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများ၊ စိတ်ဓာတ်ရေးရာမြင့်တင်ပေးမှု၊ ကူးစက်ရောဂါကာကွယ်ရေး ဝတ်စုံဝတ်ဆင် သုံးစွဲနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ အသင်းဉက္ကဌ ဒေါက်တာမြင့်သိန်းထွန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်၊  မြန်မာနိုင်ငံဆရာဝန်အသင်း အတွင်းရေးမှူး ဒေါက်တာမျိုးမြင့်မြတ်နှင့် သင်တန်းနည်းပြဆရာဝန်များ၊ သင်တန်းသား/သူ စေတနာ့ဝန်ထမ်း၊ Volunteer (၇၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)