ဘားအံ ၁၆ မတ်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် စာကြည့်တိုက်သို့ လာရောက်သော ကျောင်းသား/ ကျောင်းများအား ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်အား ကြိုတင်ကာကွယ်နိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ကိုရိုနာ ဗိုင်းရပ်(စ်) စတင်ဖြစ်ပေါ်လာပုံနှင့် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နည်းလမ်းများ၊ လူစည်ကားသည့် နေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန်များ၊ မှန်ကန်ထိရောက်သည့် လက်ဆေးခြင်း နည်းစနစ်များ၊ ကိုရိုနာ ဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ သတင်းအမှားများကို မယုံကြည်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းများကိုသာ အတည်ပြုကြရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ်လူနားများ တွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားကြရန် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ် သတိပြုကာကွယ်ရမည့် နည်းလမ်းများ၊ ကာကွယ်ရန် နည်းလမ်းများ၊ ကိုရိုနာ ဆောင်ရန် ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


