လှိုင်းဘွဲ ၂၄ ဧပြီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့ရှိ မြို့မဈေး အနောက်ဘက် ကွင်းအတွင်း၌ အခြေခံစားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်ဈေးဆိုင်များ ရောင်းချနိုင်ရေးအတွက် ယာယီပျံကျဈေး မြေကွက်သတ်မှတ်၍ ရောင်းချနိုင်ရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
COVID-19 ရောဂါ ကာကွယ်နိုင်စေရန် လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ (၆)ပေ အကွက် မြေကွက်ဆွဲထားပြီး ယာယီဈေးတွင် ရောင်းချမည့် ဈေးသည်များနှင့် ဈေးဝယ်သူများ နေပူဒဏ်ကာကွယ်နိုင်ရေး အတွက် ထီးအမိုးများကိုလည်း ဆောင်ရွက်ပေးသည်။
ထို့အပြင် ဈေးဝယ်လာသူများ COVID-19 ကင်းစင်ရေးအတွက် ဝင်ထွက်ပေါက်များတွင် လက်ဆေးရန်နေရာ ထားရှိပေးခြင်းနှင့် ဈေးဝယ်သူ မိဘပြည်သူများ နှာခေါင်းစည်း တပ်ထားပြီး ဈေးဝယ်ရန်နှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက ဈေးဝင်းအတွင်းသို့ လုံးဝဝင်ခွင့်မပြုပါကြောင်း မြို့နယ်စည်ပင် သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးကျော်နိုင်ဦးထံမှ သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


