မန္တလေး ၄ ဖေဖော်ဝါရီ


မန္တလေးတိုင်း အတွင်းတွင် လုပ်ငန်းလိုင်စင်မရှိသည့် ဟိုတယ်များ များပြားလာခြင်းကြောင့် ဟိုတယ်လုပ်ငန်းများတွင် အခက်ခဲများ ရင်ဆိုင်နေရကြောင်း  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)မှ သိရသည်။


မန္တလေးတိုင်းဒေသကြီးတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ပေးသည့် ဟိုတယ်လိုင်စင် ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပေးသည့် တည်းခိုခန်းလိုင်စင်ဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနကပေးသည့် လိုင်စင်သည် ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားများ လက်ခံနိုင်ပြီး ၊ စည်ပင်သာယာမှပေးသည့် လိုင်စင်သည် ပြည်တွင်း ခရီးသွားများသာ လက်ခံနိုင်သည်။ 


ယခုအခါ မန္တလေးမြို့တော်စည်ပင်မှပေးသည့် တည်းခိုခန်းလိုင်စင်ဖြင့် ဟိုတယ်အမည်ပြောင်းပြီး ဖွင့်လှစ်ကာ နိုင်ငံခြားသား ခရီးသွားများကို လက်ခံလာသည့် ဟိုတယ်များရှိလာကြောင်း သိရသည်။


‘ဟိုတယ်နဲ့တည်းခိုခန်းတွေအချို့လည်း လိုင်စင်မရှိဘဲနဲ့ ဖွင့်လှစ်နေတဲ့ဟာတွေက ပထမတော့ တစ်လုံးနှစ်လုံးကနေ သူတို့ ဖွင့်လှစ်နေကြတယ်။ ဟိုတယ်ခရီးကနေ လိုင်စင်ချပေးထားတာ မဟုတ်ဘဲနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ၂ ထပ် ခုတင်တွေနဲ့ လုပ်တာတို့ဘာတို့ တစ်လုံးနှစ်လုံးကနေပြီးတော့ ခုတော်တော် များလာတယ်’ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)ဥက္ကဌ ဦးမင်းနိုင်က ပြောသည်။


ဟိုတယ်လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသည့် ဟိုတယ်များသည် တည်းခိုသည့် ဈေးနှုန်းများ လျော့ချတောင်းခံသည်ဟု သိရသည်။ မြန်မာနိုင်ငံအတွင်းသို့ လာရောက်သည့် နိုင်ငံခြားသားဧည့်သည်များ၏ ၈၀ ရာခိုင်နှုန်းလောက်သည် ငွေကြေးချွေတာသည့် ဘတ်ဂျက်တိုးများ ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာသည့် ဟိုတယ်များကိုသာ တည်းခိုကြကြောင်း သိရသည်။


လိုင်စင်ရ ဟိုတယ်များသည် ဟိုတယ်အဆင့်အတန်းအလိုက် အခန်းတစ်ခန်းကို  အနည်းဆုံးဒေါ်လာ ၂၀ ကောက်ခံပြီး လိုင်စင်မရှိသည့် ဟိုတယ်များသည် အခန်းတစ်ခန်းကို ၁၀ ဒေါ်လာ ကောက်ခံကြောင်း သိရသည်။


‘ဘတ်ဂျက်တိုးတွေက မသုံးနိုင်တဲ့ခါကျတော့ ဒါဟိုတယ်လား။ တည်းခိုခန်းလားဆိုတာ သူတို့မှာ မစိစစ်နိုင်ဘူး ။ဆိုင်းဘုတ်တပ်ထားလို့ ဟိုတယ်ဆိုရင် ဝင်လာမယ် ။ ယူထားတာက စည်ပင်လိုင်စင် ဒါပေမယ့် online မှာကြော်ငြာထားတာကဟိုတယ်။ ကျွန်တော်တို့ဟိုတယ်တွေက  တစ်ခန်းကို ဒေါ်လာ ၂၀ အောက်ဘယ်သူမှမရောင်းနိုင်ဘူး’ဟု ဦးမင်းနိုင်ကပြောသည်။


ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ချထားပေးသည့် လိုင်စင်ရဟိုတယ်များတွင် သတ်မှတ်ချက်များရှိသည်။ ဟိုတယ်တစ်လုံးတွင် အနည်းဆုံး အခန်း ၂၀ ပါဝင်ရမည်ဖြစ်ပြီး အခန်းတစ်ခန်းသည် ၁၂ ပေပတ်လည် ကျယ်ဝန်းရမည်ဖြစ်ကြောင်း သိရသည်။ ရေချိုးခန်းသည် ခြောက်ပေပတ်လည်ရှိရမည်ဖြစ်ပြီး အခန်းတိုင်းသည် လေဝင်လေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း သိရသည်။


‘စည်ပင်မှာက အဲ့တာလေးတွေမှာ နဲနဲလေး အားနည်းနေတာပေါ့။ တည်ခိုခန်းရယ်လို့သတ်မှတ်ရင် ဘယ်နှစ်ခန်းမှပေးမှာလဲ။ တည်းခိုခန်းက အခန်းတစ်ခန်းရဲ့ အကျယ်အဝန်းအမြင့် ပါရမယ့် facility တွေက ဘာတွေလဲဆိုတာလဲ ကျွန်တော်တို့ တိတိကျကျမသိရဘူး။ ခုအပြင်မှာ ဖြစ်နေတဲ့ပြသနာကဒီပြသနာပေါ့’ဟု ဦးမင်းနိုင်က ဆိုသည်။


မန္တလေးတိုင်းတွင် လိုင်စင်ရဟိုတယ်ပေါင်း ၂၂၀ ရှိပြီး ဟိုတယ်များ၏အခက်ခဲများကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြထားကြောင်းသိရသည်။


အိမို့မို့ခိုင်