၁၃  ဇန်နဝါရီ

ပြည်တွင်းမှ ဆန္ဒပြမှုတွေကြောင့် အကျပ်ရိုက်နေတဲ့ ပြင်သစ်နိုင်ငံအတွက် အစိုးရဟာ ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းနိုင်ဖို့အရေး ကြိုးပမ်းမှုတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ပြင်သစ်ပြည်သူတွေဟာ ပါရီမြို့တော် အပါအဝင် တခြားသော မြို့ကြီးတွေမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ပြုလုပ်လာတဲ့အခါမှာတော့ အစိုးရ အနေနဲ့ လိုက်လျောမှုတစ်ခု ပြုလုပ်ပေးခဲ့ရပါတယ်။

အစိုးရ၏ လိုက်လျောမှု

အစိုးရရဲ့ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေရဲ့တောင်းဆိုမှုကို ဇန်နဝါရီ ၁၁ ရက်မှာ လိုက်လျောပေးခဲ့ပါတယ်။ ပြင်သစ်မှာ အပြည့်အ၀ ပင်စင်ယူရမယ့်အချိန်ကို ၆၂ နှစ်လို့ သတ်မှတ်ထားရာကနေ ၆၄ နှစ်လို့ ပြောင်းလဲသတ်မှတ်ဖို့ အစိုးရဘက်က ကြိုးစားခဲ့ပေမယ့် ဆန္ဒပြမှုတွေကြောင့် ဒီအဆိုပြုမှုကို ဖျက်သိမ်းဖို့ လိုက်လျောပေးခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မတူညီတာကတော့ ပြင်သစ်နိုင်ငံမှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပင်စင်နဲ့ပတ်သက်ပြီး အစိုးရဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ပင်စင်ယူရမယ့် အသက်အရွယ်ကို တိုးမြှင့်လိုက်တဲ့အတွက် ပြည်သူတွေကို ဒေါသပိုမိုထွက်စေခဲ့ပါတယ်။

ရက်ရောမှုအရှိဆုံးစနစ်

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကတော့ သက်သာချောင်ချိမှုတွေ အများကြီးရှိတဲ့ ပင်စင်စနစ်ကို အားကောင်းစေဖို့ဆိုရင် ပြင်သစ်နိုင်ငံသားတွေအနေနဲ့ အချိန်ကြာကြာ အလုပ်လုပ်သင့်တယ်လို့ တစိုက်မတ်မတ် ပြောဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ပင်စင်စနစ်ဟာဆိုရင် ကမ္ဘာပေါ်မှာ ရက်ရောမှုအရှိဆုံး စနစ်ဖြစ်ပြီး ဒီစနစ်ကြောင့်လည်း အစိုးရဟာ ၁၉ ဘီလီယံ လိုငွေပြနေပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာတော့ ပြင်သစ်သယ်ယူပို့ဆောင်ရေး အလုပ်သမားတွေရဲ့ သပိတ်ဟာ ခြောက်ပတ်မြောက်ရှိလာပြီဖြစ်ပြီး သမ္မတမက်ခရွန် ဦးဆောင်တဲ့အစိုးရဟာ ပင်စင်ယူရမယ့် အသက်အပိုင်းအခြား ပြင်ဆင်ကန့်သတ်မှုကို နောက်ဆုတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အလုံးစုံပယ်ဖျက်လိုက်တာတော့ မဟုတ်ပါဘူး။ ဘဏ္ဍာရေးစနစ်အရ ငွေကြေးပြဿနာ မပေါ်ပေါက်သေးသရွေ့ ရွှေ့ဆိုင်းထားတာဖြစ်ပြီး ယခုအချိန်ကစပြီး ပြီလကုန်အထိသာ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေ လျော့ကျဦးမှာမဟုတ်

လိုငွေပြမှုအတွက် မပြင်ဆင်နိုင်ဘူးဆိုရင် အစိုးရဟာ ပင်စင်ယူရမယ့်အသက် ပြင်ဆင်မှုကို လက်လျှော့မှာ မဟုတ်ပါဘူး။ အစိုးရဘက်က ဒီလိုမျိုး လိုက်လျောမှုတွေ ပြုလုပ်ခဲ့ပေမယ့် သပိတ်မှောက်မှုတွေ၊ ဆန္ဒပြမှုတွေ ကတော့ရပ်ဆိုင်းသွားဦးမှာ မဟုတ်ပါဘူး။ ရန်လိုတဲ့ အလုပ်သမားသမဂ္ဂတွေ အထူးသဖြင့် မီးရထားနဲ့ ပြင်သစ် မြေအောက်ရထား အလုပ်သမားတွေကတော့ သမ္မတ မက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ လုံးဝလက်လျှော့သွားအောင်အထိ တောင်းဆိုနေကြပါတယ်။ ။

လမ်းမပေါ်ထွက် တောင်းဆိုမှုတွေဟာ ဇန်နဝါရီ ၁၁ ရက်မှာတော့ ပိုပြီးတော့ ပြင်းထန်လာတာကို တွေ့ရပါတယ်။ ရန်လိုပြီး အကြမ်းဖက်လိုစိတ်ရှိတဲ့ ဆန္ဒပြသူတွေဟာ လုံခြုံရေးရဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါခဲ့ပါတယ်။ ဒါကြောင့်လည်း ပါရီမြို့ အရှေ့ပိုင်းမှာ အပျက်အစီးတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဘဏ်ခွဲတစ်ခု ဖျက်ဆီးခံရပြီး ဘတ်စ်ကားဂိတ်တစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဆန္ဒပြပွဲမှာလူပေါင်း ၁၅၀၀၀၀ ပါဝင်တယ်လို့ အလုပ်သမားသမဂ္ဂကပြောပါတယ်။

ရိုးသားမှုမရှိ

သမ္မတမက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တစ်ခုလုံး မရုပ်သိမ်းသရွေ့တော့ ဆက်လက်ပြီး ဆန္ဒပြနေရဦးမှာပဲလို့ ပါလီမန်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ အီရစ်ကိုကူရယ်က ပြောပါတယ်။ အစိုးရဘက်က လိုက်လျောချက်ကိုတော့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒဝက်ဖိလစ်ပီက ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ ပြင်သစ် ဒီမိုကရက်တစ် အလုပ်သမားအဖွဲ့ အစည်း စီအက်ဖ်ဒီတိကတော့ အငြိမ်းစားယူရမယ့် အသက်အပိုင်းအခြားကို အစိုးရက ပြင်ဆင်သတ်မှတ်တာနဲ့ပတ်သက်ပြီး ရုပ်သိမ်းပေးဖို့ အစဉ်တစိုက်ဆိုသလို တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

အခုအစိုးရဘက်က လိုက်လျောမှုပြုလုပ်ခဲ့တဲ့အခါမှာတော့ အစိုးရဟာ ညှိနှိုင်းဖို့ ဆန္ဒရှိတယ်ဆိုတာကို တွေ့မြင်နေရတယ်လို့ ပြောလာပါတယ်။ လက်ယာစွန်းရောက်ခေါင်းဆောင် မရင်းလီပန်ကတော့ အစိုးရရဲ့ အပြုအမူဟာ ရိုးသားမှုမရှိဘဲစေ့စပ်ညှိနှိုင်းဖို့ နည်းဗျူဟာသက်သက်သာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အကောင်အထည်ဖော်ဖို့ မလွယ်ကူ

တခြားသော အတိုက်အခံခေါင်းဆောင်တွေလိုပါပဲ လီပန်ဟာလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အားလုံး ရုပ်သိမ်းပေးဖို့တောင်းဆို ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုမှာတိကျတာ ဘာတစ်ခုမှမရှိဘူးလို့ သူက ဆက်ပြောပါတယ်။ သမ္မတ မက်ခရွန်ကတော့ သူပြင်ဆင်ဖို့စီစဉ်ခဲ့တဲ့ ပင်စင်စနစ်ဟာ မျှတမှုရှိတယ်လို့ ပြောခဲ့ပါတယ်။

အခုဆိုရင် ပုဂ္ဂလိကနဲ့ အများပြည်သူလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ အကောင်းဆုံး အလုပ်လုပ်ခဲ့တဲ့နှစ်တွေက လစာအပေါ်အခြေခံပြီး ပင်စင်အကျိုးခံစားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ အစီအစဉ် အမျိုးပေါင်း ၄၀ ကျော်ပါဝင်ပြီး ပင်စင်ယူအသက်အရွယ်နဲ့ ခံစားခွင့်အမျိုးမျိုး ဖြစ်နေတဲ့ ပင်စင်စနစ်ကို သမ္မတမက်ခရွန်ကရိုးရှင်းအောင်ပြုလုပ်လိုပါတယ်။ သမ္မတမက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို အကောင်အထည် ဖော်ဖို့ကတော့ မလွယ်ကူလှပါဘူး။

လိုငွေပြမှု မြင့်တက်နိုင်

ပုဂ္ဂလိကနဲ့ အများပြည်သူလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ သမ္မတ မက်ခရွန်ရဲ့ အစီအစဉ်ဟာ ပင်စင်စနစ်ရဲ့ အကျိုးရှိတဲ့အရာတွေကို ဖယ်ရှားပစ်မှာ၊ လူတွေကို အချိန်ကြာဖိအားပေး ပြီးခိုင်းစေမှာ၊ သူတို့အငြိမ်းစားယူတဲ့အခါမှာ ရရှိမယ့်ငွေကြေး ဖြတ်တောက်ခံရမှာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းကလည်း တရားဝင် အနားယူရမယ့် အသက်အပိုင်း အခြားကို ၆၀ ကနေ ၆၂ အထိတိုးမြှင့်ခဲ့ပါတယ်။

ဒါပေမယ့် ချမ်းသာတဲ့နိုင်ငံတွေနဲ့ယှဉ်ရင် ဒီပမာဏဟာ အနိမ့်ဆုံးပါပဲ။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံမှာဆိုရင် ပင်စင်ယူရမယ့်အသက်အရွယ်ဟာ ၆၆နှစ်ဖြစ်ပြီး ၆၇ အထိလည်း တိုးမြှင့်နိုင်ပါတယ်။ အခုပြင်သစ်နိုင်ငံရဲ့ ပင်စင်စနစ်အရ နိုင်ငံရဲ့ ပင်စင်လိုငွေပြမှုဟာ ၂၀၂၅ ခုနှစ်ရောက်တဲ့အခါ ၁၇ ဒသမ ၂ ဘီလီယံအထိ ရောက်ရှိသွားနိုင်တယ်လို့ ပြီးတဲ့နှစ် နိုဝင်ဘာလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စီးပွားရေးထိခိုက်

ပြင်သစ်နိုင်ငံဟာ ကာလရှည်ကြာဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါမှာတော့ စီးပွားရေးကိုလည်း ထိခိုက်လာပါတယ်။ ခရစ္စမတ်ကာလတုန်းကဆိုရင် မီးရထားအလုပ်သမားတွေရဲ့ သပိတ်ကြောင့် အားလပ်ရက်ကာလ မိသားစုတွေဆီပြန်မယ့်သူတွေ အကျပ်တွေ့ခဲ့ရပါတယ်။ ပြင်သစ်သမ္မတ ကိုယ်တိုင်လည်း ခရစ္စမတ်ကာလကို မဖျက်ဆီးကြဖို့ တောင်းဆိုခဲ့ရပါတယ်။

၂၀၁၉ ဒီဇင်ဘာ ၅ ရက်မှာတော့ လူပေါင်း ၈၀၆၀၀၀ ကို လမ်းပေါ်ထွက်ပြီး ဆန္ဒပြအောင် အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေက လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မီးရထားပြေးဆွဲမှု ရပ်တန့်သွားပြီး ကျောင်းတွေလည်း ပိတ်ခဲ့ရပါတယ်။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလည်း ရှိခဲ့ပါတယ်။

မကျေမနပ်ဖြစ်ခဲ့ကြ

မီးရထားအလုပ်သမားတွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာတွေ၊ သူနာပြုတွေလည်း သမ္မတ မက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ အခုပြင်သစ်ဝန်ကြီးချုပ်ရဲ့ ကြေညာမှုနဲ့အတူ ဆန္ဒပြသူတွေအတွက် လိုက်လျောမှုတွေပြုလုပ်ခဲ့ပြီး ညှိနှိုင်းဖို့ကြိုးစားတဲ့အစိုးရရဲ့ ကြိုးပမ်းမှု အောင်မြင်သွားရင်တော့ ဆန္ဒပြပွဲတွေ ချုပ်ငြိမ်းသွားနိုင်ပါတယ်။

ဒါပေမယ့် ညှိနှိုင်းမှုတွေကို သမဂ္ဂခေါင်းဆောင်တွေ လုပ်နိုင်ပါ့မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါပဲ။ ။

ခြူးစန္ဒီနွေး

ကိုးကား-နယူးယောက်တိုင်းမ်