လွိုင်ကော်  ၁၀  နိုဝင်ဘာ 

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ ဒုတိယအကြိမ်မြောက် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည(၇)နာရီက လွိုင်ကော်မြို့၊ ဗုဒ္ဓဥယျာဉ်တော်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိမိတို့ပြည်နယ်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်အောင် မိမိတို့အစိုးရအနေနှင့် အလေးထား ကြိုးပမ်းဖော်ဆောင်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးရာတွင် အစိုးရတစ်ရပ်အနေနှင့် ပြီးပြည့်စုံသည်ဟု မမှတ်ယူဘဲ ပိုမို၍စည်ကားသည်ထက် စည်ကားပြီး အနှစ်သာရ ပြည့်စုံသည်ထက်ပြည့်စုံအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဓိကအားဖြင့် မိမိတို့ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘညီအစ်ကို မောင်နှများအားလုံး စည်းလုံးညီညွတ် စွာဖြင့် ပိုမိုပျော်ရွှင်စေလိုပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပျော်ရွှင်ငြိမ်းချမ်းမှုများ ပိုမိုတိုးပွား လာသည်ကို တွေ့မြင်လိုပါကြောင်း၊ ယင်းအတွက်ကြောင့် ယမန်နှစ်က မဆောင်ရွက်နိုင်ခဲ့သည် များကို ယခုနှစ်တွင် ပိုမိုကောင်း မွန်စည်ကားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်နှစ်များတွင်လည်း ယခုနှစ်ထက်ပိုမိုကောင်းမွန် စည်ကားအောင် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ ပိုမိုထွန်းကားအောင်၊ ဗုဒ္ဓဥယျာဉ်တော်ကြီး ပိုမိုစည်ပင်လာအောင်၊ ကောင်းမွန်သော အမွေကောင်းများကို နောင်လာနောင်သားများကို ပေးနိုင်အောင် ဆောင်ရွက်ကြစေလို ပါကြောင်း၊ သို့ဖြစ်ရာ ပွဲတော်တစ်လျှောက်လုံး စည်းလုံးငြိမ်းချမ်းစွာဖြင့် ဒဏ်ရာအနာတရမဖြစ်စေဘဲ တစ်ဦးနှင့် တစ်ဦး မလိုမုန်းထားမှုများ ကင်းနိုင်သမျှကင်းအောင် ပွဲတော်အား ပျော်ရွှင်အေးချမ်းစွာဖြင့် ဆင်နွှဲနိုင်ကြစေလိုကြောင်းပြော အဖွင့်အမှာစကားကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာ သူများ၊ ဧည့်ပရိသတ်များမှ မီးပုံးပျံငယ် အလုံး(၄၀ဝ) လွှတ်တင်ပူဇော်၍ မီးပုံပျံလွှတ်တင်ပူဇော်ပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။

 

ထို့နောက် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် Sky King (ရွှေတောင်ရပ်ကွက်) မီးပုံးပျံ အသင်းမှ အလှလွှတ်တင် ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့ညပြိုင်ပွဲဝင်မီးပုံးပျံများအဖြစ် ကယားလေး (ဒီးမော့ဆို၊ ဒေါပိုးစီ) အသင်း၊ ဟာသ(ဒေါဥခူ)အသင်း၊ ကယန်းမုန်တိုင်း(မိုင်းလုံး) အသင်း၊ Ghost Human(လောဓမ္မ)အသင်းတို့မှ လွှတ်တင်ပူဇော် ယှဉ်ပြိုင်ခြင်းနှင့် မီးပုံးပျံပြိုင်ပွဲ ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော် တေးသံရှင်များ ဖြစ်သည့် David Lai၊ Mဇော်ရိန်၊ မေကြည်၊ စောထက်နိုင်စိုး၊ ခိုင်သဇင်သင်းနှင့် ဒေသခံ အဆိုတော်များမှ ဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့်ဇနီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ပွဲတော်လာ ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

လွိုင်ကော်သား