လွိုင်ကော်  ၁  ဇွန်

 

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် အဖျားရောဂါကု အခမဲ့ဆေးခန်း (Ferver Clinic) ကို လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ယနေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဖျားရောဂါကု အခမဲ့ဆေးခန်းကို ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ကယားပြည်နယ်အဖွဲ့၊ သူနာပြုဆရာမများ၊ ရွှေလွိုင်ကော် ပရဟိတအသင်းနှင့် မေတ္တာဖြိုးဝေ စသည့် အဖွဲ့အစည်းဖြင့် ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

 

အဖျားရောဂါနှင့် အထွေထွေရောဂါ လာရောက်ပြသမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။

 

mdn

 

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ပြသမည့် လူနာများ လူစုလူဝေး မဖြစ်စေရန်နှင့် ဆေးရုံကြီး၏ဝန်ကို လျော့ချနိုင်ရန်၊ ပြင်ပဆေးခန်းများတွင်လည်း အဆင့်ဆင့်ရောဂါပိုး မကူးစေနိုင်ရန်၊ ပြည်သူများအား ကျန်းမာရေးနှင့် ပတ်သက်၍ အခက်အခဲမရှိ အခမဲ့ လာရောက်ပြသနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်း ဆရာဝန် ၆ ဦးနှင့် သူနာပြုဆရာမ ၁၀ ဦးဖြင့် အလှည့်ကျ စစ်ဆေးကုသပေးကာ အပတ်စဉ် တနင်္ဂနွေတစ်ရက်သာ ပိတ်ထားကြောင်း ပြည်နယ် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဖြိုးမောင်မောင်က ပြောသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)