လွိုင်ကော် ၊ ၂၄ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွား ရရှိစေရန် ရည်ရွယ်၍ (အခြေခံ+အဆင့်မြင့်) စက်ချုပ်သင်တန်း အမှတ်စဉ် ၂/၂၀၂၁ ဖွင့်ပွဲအား ယနေ့နံနက် (၉)နာရီခွဲက လွိုင်ကော်မြို့နယ် ပိန်းချစ်ကျေးရွာအုပ်စု၊ ပိန်းချစ်ကျေးရွာရှိ ရတနာသီရိခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က အဖွင့်အမှာစကား ပြောကြားပြီး လွိုင်ကော်ခရိုင်ဦးစီးမှူး ဦးစောဒီးဒီက ကျေးလက် ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လွိုင်ကော် မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပိန်းချစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မင်းသန့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
"ကျေးလက်မှာရှိတဲ့ ပြည်သူလူထုတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီးတော့မှ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စီးပွားရေးလုပ်ငန်းတွေထူထောင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ လွိုင်ကော်မြို့နယ် တွေမှာဆိုလိုရှိရင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ဒီလို အပ်ချုပ်စက်သင်တန်း (၂)ကြိမ်၊ ဒီဇယ်အင်ဂျင် ပြုပြင်ခြင်းသင်တန်း (၂)ကြိမ်၊ လျပ်စစ်သင်တန်း (၂)ကြိမ်၊ ဆပ်ပြာချက်သင်တန်း (၁)ကြိမ်၊ စုစုပေါင်း (၇)ကြိမ် လျာထားပြီးတော့ ခန့်မှန်းကုန်ကျငွေ သိန်း (၁၅၀)ကုန်ကျခံဆောင်ရွက်သွာမှာဖြစ်ပါတယ်။ ဒီသင်တန်းကို အခြေခံ + အဆင့်မြင့် ဆိုပြီးတော့ သင်တန်းကာလ (၄၅)ရက်သာ ကြာမြှင့်မှာဖြစ်ပါတယ်။ ဒီပိန်းချစ်ကျေးရွာအုပ်စုမှာ ဆိုလိုရှိရင် ကျေးရွာပေါင်း (၁၃)ရွာရှိတယ်။ ဒီသင်တန်းကို တက်ရောက်တာတော့ ကျေးရွာပေါင်း (၆)ရွာ သင်တန်းသား (၂၅)ဦးတက်ရောက်ပါတယ်။ ဒီသင်တန်းရဲ့ကုန်ကျစရိတ်ကတော့ ၄၅ ရက် တာကာလမှာ ၂၈ သိန်း သုံးစွဲဖို့လျာထားပါတယ်။" လို့ လွိုင်ကော်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင် ကပြောပါတယ်။
အဆိုပါသင်တန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
" အရင်ဦးဆုံး ဥက္ကဋ္ဌ လာအကြောင်းကြားတာပေါ့နော်။ စက်ချုပ်သင်တန်းခေါ်တယ်တဲ့။ အခမဲ့ပဲတဲ့။ အဲ့လိုပြောတော့ စိတ်ဝင်စားတယ်လို့ သမီးတို့လည်း တက်ချင်တယ်လို့ဆိုတော့ အဲ့စာရင်းလာသွင်း ဆိုတော့ သမီးတို့ စာရင်းသွင်းတာပါ။ လူအယောက် (၂၅)ပဲခေါ်တယ်။ စာရင်းသွင်းတာက (၄၅)ယောက်၊ ဒါပေမယ့် ပယ်ချလိုက်တာ ပေါ့နော်။ အရမ်းဝေးတဲ့ရွာတွေပယ်ချလိုက်တော့ သမီးတို့ပါဖြစ်သွားတာပေါ့။ ဒီသင်တန်းပထမဦးဆုံးပဲ။ အခြား သင်တန်းမတက်ဖူးသေးဘူးရှင့်။ ရည်မှန်းချက်တော့ အများကြီး ရှိပါတယ်။ ဒီထက်အများကြီး တက်ချင်သေးတယ်။ ဒီသင်တန်းတက်ပြီးပြီဆိုရင် ကျွန်မတို့ရွာမှာ စက်ချုပ်ဖြစ်အောင် ချုပ်မှာပါ။ အများကြီးအကျိုးရှိပါတယ် ။ ရွာမှာက အခုလောလောဆယ်က အလုပ်တွေ အကိုင်တွေ နည်းနည်းရှားနေတယ်။ ပြီးတော့ဒီသင်တန်း တက်ခွင့်ရတာလည်း ကျေးဇူး တင်ပါတယ်။ ဒီထက်မက တခြားသင်တန်းတွေလည်း ညီမတို့ ရချင်ပါသေးတယ်။" လို့ ပိန်းချစ် ကျေးရွာအုပ်စု၊ ဝမ်ကုန်းကျေးရွာမှ ကယန်းသူ မစိုးစိုးဦးကပြောပါတယ်။
ကိုစိုင်း (လွိုင်ကော်)


