လွိုင်ကော်၊ ၁၅ ဇန်နဝါရီ
(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိအဖွဲ့ဝင် (၉) ဦးတို့က နေရာယူကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ဆောင်ရွက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်မြင့်မှ (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ကယားပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ဖတ်ကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက ကယားပြည်နယ်နေ့ကို တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ဆင်နွှဲခဲ့ရာ ယနေ့ဆိုလျှင် (၆၉) နှစ်တိုင်ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေပြီး ကယားပြည်နယ်တွင်လည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ တွေ့ရှိနေသည့်အတွက်ကြောင့် ရောဂါကူးစက်မှုအန္တရာယ် မပြန့်ပွားစေရန်အတွက် ယခင်နှစ်လို စည်းကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်ခွင့်မရခဲ့ကြောင်း၊ ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ တိုင်းရင်းသားများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများ အဓွန့်ရှည်စွာ ထိန်းသိမ်းနိုင်ရန်၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာဖြင့် စည်းစည်းလုံးလုံး လက်တွဲ ဖော်ဆောင်နေထိုင်နိုင်ကြရန်နှင့် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း တိုင်းရင်းသား ပြည်သူညီအစ်ကိုမောင်နှမများ အားလုံး ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနှင့် ဝိုင်းဝန်းတည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


