လွိုင်ကော်  ၃၀   နိုဝင်ဘာ

 

ကယားပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီမှ ကြီးမှူးကျင်းပသည့် ဒီဇင်ဘာ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချန်ပဲ့၊ ကယားပြည်နယ် ဂီတအစည်းအရုံးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် အားပေးကြကြောင်း သိရသည်။

 

ရှေးဦးစွာ ကယားပြည်နယ် ဂီတအစည်းအရုံးအဖွဲ့ဝင် ဂီတမှူး ဦးဒိုင်းမွန်းက သီချင်းသီဆို ယှဉ်ပြိုင်ရာတွင် သီချင်းများကို ရှေးဟန်မပျက်သီဆိုနိုင်ခြင်း၊ အသံအတက်အဆင်း၊ အဖြတ်အတောက်၊ အဆွဲအငင်၊ ဌာန်ကရိုဏ်းကျခြင်း၊ မိမိကိုယ်တိုင် စည်းဝါးကိုင်၍ စည်းကိုက်ဝါးကိုက် သီဆိုပြနိုင်ခြင်း၊ ပင်ကိုယ်အသံရှိ၍ အေးမြတည်ငြိမ် သာယာနာပျော်ဖွယ်ရှိြခင်း၊ သီချင်းစာသားနှင့် အဓိပ္ပါယ်အလိုက် နားဆင်သူတို့ ခံစားမှု ဖြစ်ပေါ်စေနိုင်ခြင်း၊ အသံထွက်မှန်ကန်စွာ သီဆိုနိုင်ခြင်း စသည့် အမှတ်ပေးစည်းစနစ်များအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါပြိုင်ပွဲတွင် မသန်စွမ်း ၂၀ ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒီဇင်ဘာ (၃) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

 

လွိုင်ကော်သား