လွိုင်ကော်  ၁၅  ဇွန်     

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလတွင် ငါးစားသုံးခြင်းသည် ကျန်းမာရေး (အထူးသဖြင့် ကိုယ်ခံအား ကောင်းမွန်ရေး)အတွက် အကျိုးရှိကြောင်း ပြည်သူများ သိရှိစေရေး လှုံ့ဆော် ဆောင်ရွက်ချက်များ အနေဖြင့် ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ နောင်ယားဈေးတွင် အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး နှင့် ဒုတိယပြည်နယ်ဌာန ဦးစီးမှူးတို့မှ ဦးဆောင်၍ လွိုင်ကော်မြို့ နောင်ယားဈေးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူကြပြီး ဈေးအတွင်းရှိ ဈေးရောင်းချသူများ၊ ဈေးလာရောက်ဝယ်သူများအား ငါးစားသုံးခြင်းဖြင့်ရရှိနိုင်သည့် အကျိုကျေးဇူးများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

 

ထို့သို့ဆောင်ရွက်ခြင်းသည် “ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အများပြည်သူတို့အနေဖြင့် မိမိတို့ အိမ်အတွင်း၌ နေထိုင်ကြရ၍ စားသုံးသောအစားအစာများမှ အာဟာရဓါတ် မျှတစွာ ရရှိရေး အတွက် ဂရုပြု စားသောက်ရာတွင် ငါးစားသုံးပေးခြင်းဖြင့် ငါးတွင်ပါဝင်သော ဗိုက်တာမင်-Dနှင့် ဇင့်ဓါတ်တို့မှာ ရောဂါပိုးများခုခံကာကွယ်ရန် ကိုယ်ခံစွမ်းအားကောင်းမွန်ရေးအတွက် အထောက်အပံ့ ဖြစ်စေကြောင်း၊ ထို့ကြောင့် ငါးစားသုံးခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ငါးအသားတွင် ပါဝင်သော အသားဓါတ် ရာခိုင်နှုန်းများ၊ ငါးများတွင်ပါဝင်သော အာဟာရဓါတ်များနှင့် ကျန်းမာရေး အတွက် လူတစ်ဦး၏ လိုအပ်ချက်များကို သိရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် ငါးစားသုံးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများပါဝင်သည့် လက်ကမ်း စာဆောင်များ ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း ကယားပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

 

ခွန်းဆက်နေ