လွိုင်ကော် ဇွန် ၂၄
၂၀၂၂ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၃ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ် ပရဝဏ်အတွင်း ကျင်းပရာ သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အဆင့် ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်၊ လွိုင်ကော်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်ဦးစီးအရာရှိတို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီး ဖြန့်ဝေပေးခဲ့ကြပြီး ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် သစ်ပင်များကို သတ်မှတ် နေရာများတွင် စိုက်ပျိုးပေးကြသည်။
ကယားပြည်နယ် သစ်တောဦးစီးဌာနအနေဖြင့် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ စွယ်တော် စသည့် သစ်မျိုးပင် ၁၁ မျိုး စုစုပေါင်း အပင် ၇၀၀ ကို တက်ရောက်လာကြသည့် အင်အား ၁၂၀ ကျော်ဖြင့် စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)