လွိုင်ကော် ဩဂုတ် ၁၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ် လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် ဘီလူးချောင်းအတွင်း ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့များ၊ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံး၌ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား သရုပ်ပြသကြသည်။ အဆိုပါ သရုပ်ပြသလေ့ကျင့်မှုတွင် ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ် ကျရောက်ရာနေရာသို့ ရောက်ရှိလာခြင်း၊ ပြိုကျပျက်စီးသည့် အထပ်မြင့် အဆောက်အအုံအတွင်းမှ ပိတ်မိနေသည့် လူနာများကို ကယ်တင်ခြင်း၊ လိုဏ်ခေါင်းအား ကျောက်ဖြတ်စက်ဖြင့်ဖြတ်၍ ပိတ်မိနေသည့် လူနာအား ကယ်တင်ခြင်း၊ ငလျင်ဒဏ်ကြောင့် အထပ်မြင့်၌ မီးလောင်နေမှုကို မီးငြှိမ်းသတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ရှေးဦးသူနာပြုစုပေးခြင်းနှင့် ဆေးကုသပေးခြင်း စသည့် သရုပ်ပြသလေ့ကျင့်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် မြေပြင်၊ ရေပြင် ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးတပ်စု နှစ်ပတ်စာ ရိက္ခာစုဆောင်းထားရှိမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေပြင်အသက်ကယ် လေ့ကျင့် သရုပ်ပြသခြင်း ပြုလုပ်မည့် ဘီလူးချောင်းဘေးနေရာသို့သွားရောက်ကာ ရေပြင်ကယ်ဆယ်ရေး အဖွဲ့များ၏ သရုပ်ပြလေ့ကျင့်ခန်း ဖြစ်သည့် ရေပြင်တွင်မျှောပါနေသည့် ပြည်သူနှစ်ဦးအား စက်လှေဖြင့် ကယ်ဆယ်ခြင်း၊ ရေပြင်တွင်မျှောပါနေသည့် ပြည်သူငါးဦးကို ရေပြင်ကယ်ဆယ်ရေးကိရိယာ (Intellegent Lifebuoy)များဖြင့် ကယ်ဆယ်ခြင်း၊ ရေပြင်တွင် မျှောပါနေသည့် ပြည်သူနှစ်ဦးကို ရေပြင်ကယ်ဆယ်ရေးကိရိယာ (Intellegent Lifebuoy)များဖြင့် ကယ်ဆယ်ခြင်း စသည့် သရုပ်ပြသလေ့ကျင့်မှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေပြင်အသက်ကယ် လေ့ကျင့်သရုပ်ပြခြင်းတွင် ပါဝင်သရုပ်ပြသသူများအား အမှာစကားပြောကြားပြီး ပါဝင်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


