လွိုင်ကော် ဧပြီ ၈
ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင် အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး (၂/၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ပြည်နယ်အတွက် အမှန်တကယ်အကျိုးရှိပြီး ကျေးရွာလူထုကိုယ်တိုင်ပါဝင်သည့် ဒေသနှင့်ကိုက်ညီ သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး၊ ရေအရင်းအမြစ် မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ အဓိက လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် မူဝါဒများ၊ လမ်းညွှန်ချက် များနှင့်အညီ ဒေသနှင့်ကိုက်ညီသည့် နည်းလမ်းများဖြင့် လက်တွေ့အကောင်အထည်ဖော် ပံ့ပိုး ဆောင်ရွက်ပေးပြီး လုပ်ငန်းအောင်မြင်မှု အခြေအနေများကို လေ့လာဆန်းစစ်၍ ပြင်ဆင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပတ်သက်၍ ညွှန်ကြားချက်များကို ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်ကလည်းကောင်း၊ ဌာနဆိုင်ရာအသီးသီးက မိမိကဏ္ဍများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေး တင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေ များ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)