လွိုင်ကော် ၂၂ ဇူလိုင်

 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူလူထုများ ကျန်းမာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်၊ လူတိုင်းသက်တမ်းစေ့နေထိုင်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေး A (H1N1) ရောဂါ  အသိပညာများရရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီက သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေး A (H1N1) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပေးရှင်းလင်းခြင်း အခမ်းအနားကို လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလင်းမှ ရာသီတုပ်ကွေး A (H1N1) ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းအသိပညာပေး ပြောကြားကာ ရာသီတုပ်ကွေး ရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာ၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်သူထက်က  သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းသည်။ 

 


ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့သည်။ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျောင်းသားကျောင်းသူများ၊ ပြည်သူလူထုများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

 


“သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေး A (H1N1) ရောဂါ ကယားပြည်နယ်တွင် ဖြစ်ပွားမှုသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါတွေ့ရှိသူ (၇)ယောက်ရှိတယ်။ ဆေးရုံတက်လာတဲ့လူနာတွေကို ဖျားတယ်၊ ချောင်းဆိုးတယ်၊ မောတယ်၊ ကြပ်တယ်ဆိုတာရှိလာခဲ့ရင် ဆရာတို့မှ စစ်ဆေးပြီး ပိုးတွေ့တယ်လို့ အဖြေထွက်လာတယ်ဆိုရင် လူနာဆီက နှာခေါင်းတို့ပတ်ကိုယူပြီး ရန်ကုန်မှာရှိတဲ့ အမျိုးသားဓါတ်ခွဲခန်းကို ပို့ပေးရတယ်။ အဲ့ဒီက (H1N1) ရောဂါပိုးတွေ့ပါတယ်ဆို အဖြေထွက်လာမှ ဆရာတို့က အတည်ပြုတာ။ အဲ့ဒီလို အတည်ပြုဖို့ ပို့ထားတာ (၇)ယောက်ရှိတယ်။ အခုဆို (၄)ယောက်က တွေ့တယ်။ နောက် (၃)ယောက်က သောကြာနေ့ ညနေပိုင်းက ပို့ထားတာ စနေ၊ တနင်္ဂနွေခံလို့ ဒီနေ့ တနင်္လာမှာ အဖြေရမှာ ဆေးရုံက ပထမစတက်တာ ပန်ကန်းက တစ်ယောက်၊ နာနတ်တောက တစ်ယောက် ပိုးလဲတွေ့တယ်၊ ခုတော့ပြန်ကောင်းလို့ ပြန်ဆင်းသွားပြီး နောက်(၂)ယောက် ထပ်တက်တာကတော့ ဖယ်ခုံက (၃၁)နှစ် အမျိုးသမီး တစ်ယောက်နဲ့ (၂)နှစ်(၇)လ ကလေးပဲ၊ အမျိုးသမီးတစ်ယောက် စိုးရိမ်ရလို့ ဆေးရုံကြီးက ကုပေးတာ အမျိုးသမီးကတော့ ကောင်းလို့ဆေးရုံဆင်းသွားပြီး ကလေးလေးကတော့ ခုတော်တော်ကောင်းပြီ။ နောက် (၃)ယောက် ထပ်တက်တာတော့ ဒေါဥခူထဲက ကလေးတစ်ယောက်၊ ဒီးမော့ဆိုက ကလေးတစ်ယောက်၊ မော်ချီးက ကလေးတစ်ယောက် ဆရာတို့ စစ်ဆေးရာမှာ ပိုးတွေ့တာကြောင့် ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကို ပို့ထားတယ်”ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောသည်။

 


ကိုစိုင်း (လွိုင်ကော်)

 

ါမါ