နေပြည်တော်၊ ဧပြီ ၁၆
ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ယမန်နေ့ နံနက်ပိုင်းတွင် မဟာသင်္ကြန်အကြတ်နေ့ကို ကလေးသူငယ်များအပါအဝင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိ
ဖြစ်စဉ်မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ဖြစ်သည့်ယမန်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးငယ်များအပါအဝင် ပြည်သူများ ရေကစားနေစဉ် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ က Drone ယာဉ်တစ်စင်းဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆေးကုသခံယူ
အထက်ပါဖြစ်စဉ်မှ ထိခိုက် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ် ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးသူငယ်များ အပါအဝင် ကျေးရွာသူ ကျေးရွာသားများက မဟာသင်္ကြန် အကြတ်နေ့၌ ပျော်ရွှင်စွာ ရေကစားနေကြစဉ် ယနေ့ညနေ ၅ နာရီ မိနစ် ၃၀ ခန့် တွင် PDF အမည်ခံ အကြမ်းဖက် သမားများက Drone ယာဉ်တစ်စင်း ဖြင့် Drop Bomb နှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံးဦး အပါအဝင် အပြစ်မဲ့ကျေးရွာသူ ကျေးရွာသား ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် အဆိုပါလူနာများအား အရာတော် မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအား ဖော် ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်
ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာအား ရည်ရွယ်ချက် ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်