လွိုင်ကော်  ၂၈   မေ

 

ယခုအခါ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုများ ဖောက်ပြန်ပြောင်းလဲလျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူဒဏ်လျှော့ချနိုင်ရေးတို့အတွက် ကယားပြည်နယ် လွိုင်ကော်နှင့် ရှားတောမြို့နယ်များတွင် ၂၀၂၀ ခုနှစ် မိုးရာသီကာလအတွင်း ပျိုးပင်ပေါင်း ၆၀၅၁၇ ပင်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် လွိုင်ကော်မြို့ရှိ ကန္နရဝတီသစ်တောပျိုးဥယျာဉ်အတွင်း “ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခါတော်မီ၊ ရင်းမာ၊ မဟော်ဂနီ၊ ရေသင်းဝင်၊ ရေမနေ၊ ကံကော်၊ ခရေနှင့် စိန်ပန်းနီ စသည့်ပျိုးပင်များကို ပျိုးထောင်ထားရှိပြီး ပြည်သူလူထု၊ ကျေးရွာရပ်ကွက်၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ သစ်ပင်ချစ်မြတ်နိုးပြီးစိုက်ပျိုးလိုသည့် အဖွဲ့အစည်းများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ပျိုးပင်ပေါင်း ၆၀၅၁၇ ပင်ထဲမှ လွိုင်ကော်မြို့နယ်အတွက် ပျိုးပင်ပေါင်း ၅၀၅၁၇ ပင်နှင့် ရှားတောမြို့နယ်အတွက် ပျိုးပင်ပေါင်း ၁၀ဝ၀ဝ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ထိုပျိုးပင်များထဲမှ ပြည်သူလူထုများအား အသိပညာပေးသည့် အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျိုးပင်ပေါင်း ၁၀ဝ၀ ကျော်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသန့်ဇင်ထွန်း ကပြောသည်။

 

အဆိုပါကန္နရဝတီသစ်တောပျိုးဥယျာဉ်အတွင်း သစ်ပင်များပျိုးထောင်ဖြန့်ဝေရခြင်းမှာ ပြည်သူများက သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်စိုက်ပျိုးတတ်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်ပင်၊ ပန်းပင်များ ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)