လွိုင်ကော် ၁၂ စက်တင်ဘာ
လွိုင်ကော်မြို့နယ် အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေး ပင်စင်ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊မြို့နယ်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက် အနေဖြင့် သက်ကြီးအဘိုးအဘွားများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရန်နှင့် ကျန်းမာသန်စွမ်းသည့် အနာဂတ်မျိုးဆက်သစ် ကလေးငယ်ပေါ်ထွက်လာစေရန် ဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျင် စတုတ္ထအကြိမ် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ မသန်စွမ်းများ အတွက်လည်း လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပြည်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို တတ်စွမ်းသမျှ ပံ့ပိုးပေးလျက်ရှိပြီး မေတ္တာ စေတနာမှန်ဖြင့် ဆောင်ရွက် ပေးလျက်ရှိပြီး စေတနာသည် ရောင်ပြန်ဟပ်ပါကြောင်း၊ နိုင်ငံတော်၏ ကောင်းကျိုးများအတွက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် ကျရာကဏ္ဍများမှ အကောင်းဆုံးပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်(၃)ကြိမ် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု စတုတ္ထအကြိမ်အနေဖြင့် အဘိုးအဘွား (၅၇၇)ဦးအတွက် ငွေကျပ် ၁၇၃၁၀ဝ၀ဝ နှင့် ကိုယ်ဝန်ဆောင်၊ ကလေး စုစုပေါင်း(၈၃၆၆)ဦးတို့အတွက် ငွေကျပ် ၃၇၆၂၇၅၀ဝ၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ မတက်ရောက်နိုင်သော အဘိုးအဘွားများအား လူမှုရေးပင်စင်များကို အိမ်တိုင်ရာရောက် လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်သား


