လွိုင်ကော် ၂၀  သြဂုတ်     
    

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ ၊ တောင်သူလယ်သမားများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်၍ စက်ပြင်စက်မောင်းသင်တန်း အမှတ်စဉ် (၁၄/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု ၊ လင်ဖုံလေးကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။
    

အခမ်းအနားတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ က အဖွင့်အမှာစကား ပြောကြားပြီး လွိုင်ကော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် က ကျေးလက်ဦးစီးဌာန၏ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင် က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
    

အဆိုပါသင်တန်းသို့ လင်ဖုံလေးကျေးရွာမှပြည်သူနှင့်တောင်သူ ၂၅ ဦး တက်ရောက်လျက်ရှိပြီး သင်တန်း နည်းပြ ၂ ဦးဖြင့် (၂၀ - ၈ - ၂၀၁၉ ရက်နေ့မှ   ၃-၉-၂၀၁၉ )အထိ (၁၅)ရက်ကြာ အခမဲ့ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက စက်ပြင်စက်မောင်းရာတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ၏ ညွှန်ကြားချက်အရ ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။ 


ယင်းသင်တန်းပြီးဆုံးသွားပါက သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများအနေဖြင့် မိမိတို့ လယ်ယာလုပ်ငန်းများတွင် အသုံးပြုသည့် စက်များကို ကိုယ်တိုင်ပြင်ဆင်တတ်ပြီး အချိန်အားဖြင့် သော်လည်းကောင်း၊ ငွေကြေးအားဖြင့် သော်လည်းကောင်း သက်သာသွားပြီး အပိုဝင်ငွေများလည်း ရရှိနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်စက်မရှိသူများအနေဖြင့်လည်း မိမိတို့ကျေးရွာရှိ စက်များကို ပြင်ဆင်ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားရရှိနိုင်ပြီး ရပ်ရွာအကျိုးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ကျေးလက် ဦးစီးမှူး ဒေါ်အိအိခင် ကပြောကြားသည်။ 

အခမ်းအနားအပြီးတွင် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးပြီး သင်တန်းသားများ လက်တွေ့ဆောင်ရွက်နေမှုကို ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့သည်။
    

ယင်းအခမ်းအနားသို့ ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ၊ လွိုင်ကော်ခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်၊ လွိုင်ကော်မြို့နယ်ကျေးလက်ဦးစီးမှူးဒေါ်အိအိခင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် သင်တန်းသားများ တက်ရောက်ကြာသည်။


ကိုစိုင်း(လွိုင်ကော်)