လွိုင်ကော် ၂၇  နိုဝင်ဘာ

 

ကယန်းသက္ကရာဇ် (၂၇၅၉)ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်သော ကယန်းနှစ်သစ်ကူး မင်္ဂလာနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူ ကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်း ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ အစီအစဉ်အရ သဘာပတိအဖွဲ့မှ ရောက်ရှိနေရာယူပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကယန်းအမျိုးသား အလံအား အလံအလေးပြုခြင်းနှင့် ကယန်းအမျိုးသား သီချင်း သံပြိုင်သီဆိုခြင်းများ ဆောင်ရွက်ပြီးနောက် သဘာပတိ ခွန်းရှာမူအေးလာက ကယန်း နှစ်သစ်ကူး မင်္ဂလာနေ့ ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်း အစဉ်အလာများ နှင့်စပ်လျည်း၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

 

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ခွန်းအေးမောင်က ကယန်း နှစ်သစ်ကူးမင်္ဂလာနေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာ စကား ပြောကြားခြင်း၊ ကယားပြည်နယ်၊ ကယန်း စာပေ နှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဋ္ဌမှ ကယန်းတိုင်းရင်းသား လူမျိုးများ၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခြင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ ပေးပို့လာသော ကယန်းနှစ်သစ်ကူး မင်္ဂလာနေ့ သဝဏ်လွှာအား ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ က ဖတ်ကြားခြင်း၊ ကယန်းအမျိုးသားပါတီမှ ပေးပို့လာသော သဝဏ်လွှာအား တာဝန်ရှိသူတစ်ဦးမှ ဖတ်ကြားခြင်း၊ ကယန်းရှေ့နေများအသင်းမှ ပေးပို့သောသဝဏ်လွှာအား တာဝန်ရှိသူတစ်ဦးမှ ဖတ်ကြားခြင်း၊ ကရင်အမျိုးသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ပေးပို့သော သဝဏ်လွှာအား တာဝန်ရှိသူ တစ်ဦးမှ ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် ကယန်းနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ပံ့ပိုး ကူညီဆောင်ရွက် ပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အား ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးပေါလူချမ်းမှ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များက လက်ခံဆောင်ရွက်ခြင်း၊ ကယန်းနှစ်သစ်ကူး ပွဲတော်အထိမ်းအမှတ် ကယန်းရိုးရာ အက၊ အလှပြိုင်ပွဲတွင် ဆုရရှိသူများအား ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယကမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တာဝန် ရှိသူများက လက်ခံဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ အစီအစဉ်အရ ၂၇၆၀ ခုနှစ်၊ ကယန်းနှစ်သစ်ကူးပွဲတော်အား ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သဘာပတိမှ အတည်ပြုကြေညာခြင်း၊ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများဆောင်ရွက်ပြီး ကယန်းတိုင်းရင်းသားရိုးရာ ဗုံပလွေအဖွဲ့များမှ ကယန်း နှစ်သစ်ကူးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဒုံးရိုးဒုံး အကဖြင့် အဖွဲ့လိုက် ဝိုင်းဖွဲ့တီးမှုတ် သီဆိုဂုဏ်ပြု၍ နှစ်သစ်ကူးနေ့အား ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒုတိယဒေသ ကွပ်ကဲရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယန်းတိုင်းရင်းသား စာပေ နှင့်ယဉ်ကျေးမှု ကော်မတီဝင်များနှင့် ကယန်းတိုင်းရင်းသား သွေးချင်း ညီအစ်ကို မောင်နှမများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

လွိုင်ကော်သား