လွိုင်ကော် ၂၀ ဧပြီ
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်အတွင်းရှိ လူသွားလူလာများသော နေရာများတွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့် ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အတွင်း လူသွားလူလာများသည့် သီရိမင်္ဂလာဈေးရှေ့၊ နာရီစင်ရှေ့၊ မိုင်းလုံးမီးပွိုင့်၊ မြို့အဝင် မီးပွိုင်များတွင် သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပြီး နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ မှထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်များနှင့် မြို့နယ်မှထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များကိုလိုက်နာကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းလေး (ပြန်/ဆက်)