လွိုင်ကော်        ၁၅     နိုဝင်ဘာ           

 

လွိုင်ကော်မြို့နယ်အတွင်းရှိ ဘီလူးချောင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေါဥခူရပ်ကွက် ကျောက်ပြားတံတားမှစတင်၍  ပြုလုပ် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ လွိုင်ကော်မြို့အတွင်းရှိ ပရဟိတ အဖွဲ့များနှင့် ရပ်ကွက်နေပြည်သူတို့က ဘီလူးချောင်းကမ်းရိုးတစ်လျှောက်ရှိ ရေမှော်များ ၊ အမှိုက်များနှင့် ဒိုက်များအား ဆယ်ယူပြီး အမိုက်သယ်ယာဉ်များဖြင့် အမှိုက်ကျင်းသို့စနစ်တကျ စွန့်ပစ်ကာ စုပေါင်း သန့်ရှင်းရေးပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

 

အမှိုက်များ ၊ ရေမှော်များ ၊ ဒိုက်များ စုပုံများပြားလာပြီး ဘီလူးချောင်းဟာ ရေရှည်တွင် တိမ်ကောလာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပရိဟိတအဖွဲ့များ ၊ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၊ ယခုလိုဆောင်ရွက်ရခြင်းမှာ ဘီလူးချောင်းအတွင်းရှိ ရေများကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့် ဘီလူးချောင်းအတွင်းသို့ အမှိုက်များ စည်းကမ်းမဲ့စွာ မစွန့်ပစ်ကြဖို့နှင့် ဘီလူးချောင်း သန့်ရှင်းသာယာလှပရေးအတွက် အတူတကွ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း  လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောကြားခဲ့သည်။

 

အဆိုပါ ဘီလူးချောင်းရေသည် လွိုင်ကော်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးအတွက် အသုံးပြုခြင်း ၊ သောက်သုံးရေအတွက်အသုံးပြုခြင်း ၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုအတွက် အသုံးပြုနေလျက်ရှိကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)