လွိုင်ကော် ၅ သြဂုတ်
လွိုင်ကော်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်တွင် ဦးဆောင်မည့် ရင်သွေးငယ်၊ သားငယ်၊ သမီးငယ်များ ဖြစ်သည့် ၎င်းတို့အရွယ်အတွက် အမှန်တကယ် လိုအပ်သည့် အစာအာဟာရများ ဖြည့်ဆည်းနိုင်ရန်အတွတ် ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ မသန်စွမ်းသူ (၆၄)ဦးအတွက် တစ်လလျှင် (၁)သောင်းနှုန်းဖြင့် (၃)သောင်းကျပ်အား လည်းကောင်း၊ လွိုင်ကော်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၅၄၀)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ် (၁၄၅၂)ဦး စုစုပေါင်း (၂၉၉၂)ဦးတို့အား ထောက်ပံ့ ပေးအပ်သွားမှာဖြစ်ကြောင်း၊ ယင်းတို့အပြင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကိုလည်း ထောက်ပံ့ပေးလျက်ရှိပြီး (၁)လ လျှင် တစ်သောင်းငါးထောင်ဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမျူး ဦးချန်ပဲ့က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစိုင်း (လွိုင်ကော်)


